ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ ကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၆၂ ဦး သေဆုံးသွားခဲ့ပြီလို့ စက်တင်ဘာ ၂၈ ရက် တနင်္လာနေ့မှာ အာ ဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ခရိုင်အများအပြားမှာ ရေကြီးရေလျှံမှု တွေ ဖြစ်ပွားခဲ့ပြီး လူ ၄၆ ဦး ဒဏ်ရာရရှိခဲ့သလို အိမ်ခြေ ၁,၀၀၀ ကျော်လည်း ပျက်စီးခဲ့ရတယ်လို့ ပြည်နယ် အစိုးရက ဆိုပါတယ်။

ရေကြီးမှုတွေကြောင့် ပြည်နယ်မြို့တော် လက်ခ်နောင်းအပါအဝင် ဒေသအချို့မှာ စက်တင်ဘာ ၂၈ ရက်နေ့က ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့် ဒေသတွေမှာ ပိတ်မိနေသူတွေကို ဘေးလွတ်ရာ ရေဘေး ရှောင်စခန်းတွေကို ရွှေ့ပြောင်းပေးနေတာပါ။

ဒေသခံတွေကို ရေဝပ်နေတဲ့ နေရာတွေကို မလိုလားအပ်ဘဲ သွားလာခြင်း မပြုကြဖို့နဲ့ ရေစီးသန် တဲ့ မြစ်ချောင်းတွေ၊ ရေနုတ်မြောင်းတွေနဲ့ ဝေးဝေးနေကြဖို့ သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အားပျော့သွားတာကြောင့် စက် တင်ဘာ ၂၈ ရက်နေ့ကစပြီး မိုးရွာသွန်းမှု နည်းပါးသွားနိုင်တယ်လို့ မိုးလေဝသဗဟိုဌာနက ပြောပါတယ်။

ပြည်နယ်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ အင်္ဂါနေ့အထိ မိုး ဆက်လက် ရွာသွန်းနိုင် သေးတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်မှာလည်း ရေကြီးမှုတွေကြောင့် လူပေါင်း ၇၅,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

အိမ်နီးချင်း နီပေါနိုင်ငံမှာ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ရာသီဥတု ဆိုးရွားမှုတွေ ကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ရပါတယ်။

နီပေါနိုင်ငံမှာ အခြား ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သလို ရေကြီးရေလျှံမှုနဲ့ မြေ ပြိုမှုတွေကြောင့် အိမ်ခြေ ၁၉၄ လုံး ပျက်စီးခဲ့ပါတယ်။

နီပေါနိုင်ငံဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူ ၁,၄၀၀ ကျော် သေဆုံးပြီး ၆,၀၀၀ နီးပါး ပျောက်ဆုံး ခဲ့တဲ့ ရေကြီးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

News: AP
Ref; Heavy rain and flooding kill at least 62 in northern India