ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် ရေဘေးဒုက္ခများ ကြုံတွေ့ နေရပြီး ပြည်သူများထံသို့ လာရောက်ကူညီကြမည့် ကယ်ဆယ်ရေးအဖွဲ့များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် နည်းဗျူဟာ (၃၃) က ထုတ်ပြန်ထားသည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးယာဉ်များနှင့် ထောက်ပံ့ရေးယာဉ်များအားလုံး သက်ဆိုင်ရာနယ်မြေများအတွင်း အနှောင့်အယှက်ကင်းကင်းဖြင့် သွားရောက်နိုင်စေရန် တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ထားခြင်း ဖြစ်သည်။

“တစ်ခုရှိတာကတော့ ရေဘေးဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက်နိုင် ရန်အတွက် လာရောက်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ကျွန်တော်တို့ရဲ့ အဓိကဗျူဟာ ၃၃ စိုးမိုးနယ်မြေ အမှတ် (၈) ပြည်ထောင်စုလမ်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ကယ်ဆယ်ရေးယာဉ်တွေ လာတဲ့ဟာတွေ အားလုံးကို လိုအပ်တာတွေ ကူညီဆောင်ရွက်ဖို့လည်း အခုလို စာထုတ်တာပဲ ဖြစ်ပါတယ်” ဟု နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထားဝယ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေပြီး လောင်းလုံးမြို့နယ်တွင် မြေပြိုမှုများပါ ဖြစ်ပေါ်ခဲ့သဖြင့် လူထိခိုက် သေဆုံးမှုများနှင့် ပျောက်ဆုံးမှုရှိနေကြောင်း သိရသည်။

“အဓိကကတော့ လောင်းလုံးနဲ့ သရက်ချောင်းမှာ၊ လောင်းလုံးက ပိုပြီးတော့ ထိခိုက်မှုများတာပေါ့နော်။ ရေကြီးတာနဲ့ တောင်ပါပြိုတယ်။ တောင်ပြိုတော့ အဲ့ဒီကနေ ဆင်းလာတဲ့ရေတွေက အိမ်တွေကိုပြိုတော့ ပျက်စီးတာ တော်တော်များတယ်။ ကျွန်တော်တို့ တော်လှန်ရေးဘက်ကလည်း ပြည်သူတွေကို ရွှေ့ပြောင်း နေရာပေးထားတယ်၊ လိုအပ်တဲ့ စားသောက်ရေးအတွက်ပါ ကူညီဖြေရှင်းထားတာလည်း ရှိပါတယ်” ဟု ရဲဘော်စောဒါးကိုက ဆက်လက်ပြောပြသည်။
လက်ရှိတွင် ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေဘေးသင့်နေပြီး လောင်းလုံး၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် လူ ၁၃ ဦး သေဆုံးကာ ပျောက်ဆုံးနေသူ ၃၀ ထက်မနည်း ရှိနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (KNUF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – နည်းဗျူဟာ (၃၃)