‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၈ ရက်
‎

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နေသဖြင့် အနီရောင်အဆင့် သတ်မှတ်ထားပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဖလ) က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

 

“အနီရောင်အဆင့်” ဆိုသည်မှာ မုန်တိုင်းသည် ကမ်းရိုးတန်းဒေသများကို ဦးတည်ရွေ့လျားနေပြီး ၁၂ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု အဓိပ္ပာယ်ရကြောင်း မိုး/ဇလ၏ သတ်မှတ်ချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မော်လမြိုင်၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်နှင့် ပဲခူးမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗဟိုချက် လေဖိအားမှာ ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ရှိသည်။

 

ထို့ကြောင့် ‎လာမည့် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရန်ကုန်တိုင်း (သုံးခွမြို့) နှင့် မွန်ပြည်နယ် (ကျိုက်ထိုမြို့) တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည်။

 

“အရှေ့ဘက်ကနေစတာဆိုတော့ အရှေ့ဘက်မိုးလေဝသဌာနတွေက INVEST-92W လို့ ဆက်ခေါ်ကြတယ်။ ဒီဘက်မှာတော့ နာမည်ပေးရတဲ့ မုန်တိုင်းဖြစ်မလာနိုင်တာကြောင့် မုန်တိုင်းငယ်လို့ပဲ ခေါ်လို့ရတယ်။ 92W ရဲ့ timeline အရ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်းတွေမှာ ရေတွေကြီး တောင်ပြို/မြေပြိုတာတွေ ဖြစ်ပြီးပြီ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နယ်နိမိတ်နားကနေ ကမ်းရိုးတန်းကို ဝင်တော့မှာဆိုတော့ သတိထားကြဖို့ မှာချင်ပါတယ်” ဟု မိုးလေဝသပညာရပ်များကို လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားသည်။

လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိလာမည်ဖြစ်သည်။

 

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် သင်္ဘောများအနေဖြင့် အထူးကြိုတင်သတိပြု ရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ ဦးဝင်နိုင် လူမှုကွန်ရက်