ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် သံတွဲမြို့နယ် ငပလီတို့ကို ယနေ့ စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းတွင် စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားများနှင့် စျေးရောင်းစျေးဝယ် ပြည်သူ ၃၃ ဦး ထိခိုက်သေဆုံးပြီး ၃၆ဦး ထိခိုက်ထားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်တို့တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတား အနီးဝန်းကျင်နှင့် အိန္ဒိယစျေးဝန်းကျင်သို့ စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

”ကျောက်တော်က အညှိုးနဲ့ ချသလိုကိုဖြစ်နေတယ်။ ကြဲချလိုက်ရင် ကျောင်းတို့၊ ဈေးတို့ တံတားတို့ပဲ။ အခုလက်ရှိ ထိခိုက်သေဆုံး များနေပြီလို့ သိရတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ အရပ်သားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် စျေးရောင်းစျေးဝယ်များ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ရှိခဲ့ပြီး ခရီးသည်တင်ယာဉ်အချို့လည်း ထိမှန်ပျက်စီးခဲ့သည်ဟု AAကထုတ်ပြန်သည်။
ရခိုင်လူမှုကူညီမှုများဆောင်ရွက်နေသည့် စာရေးဆရာ ဝေဟင်အောင်ကလည်း ကျောက်တော် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် သေဆုံး ၃၃ယောက်နှင့် ထိခိုက်ဒဏ်ရာရ ၃၆ဦးကျော်ရှိနေပြီး အသေအပျောက်တိုးလာနိုင်သည်ဟု အတည်ပြုထားသည်။

ထို့ပြင် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီသို့ စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ယခု လေကြောင်းတိုက်ခိုက်မှုနှစ်ခုအတွင်း စစ်တပ်က ပြည်သူများရှိရာနေရာများသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ခြင်းဖြစ်ရာ ကျောက်တော်တွင် စုစုပေါင်း ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု အာရက္ခတပ်တော် (AA) က အသိပေးထားသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-ကျောက်တော်မြို့ကို ဗုံးကြဲချပြီးနောက်တွေ့ရစဉ်။