ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ပြည်သူ့ဆန္ဒကို အခြေခံသော ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမျိုးနှင့် ဒေသအသီးသီးတို့၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အခွင့်အရေးများအား အာမခံပေးနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အနာဂတ်မျှော်မှန်းချက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ထားသည်။
ထိုအရာသည် နိုင်ငံရေးပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အနာဂတ်မဟုတ်ဘဲ မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့် အနာဂတ်ဖြစ်ပြီး မတူကွဲပြားမှုများအား လက်ခံခြင်း၊ အပြန်အလှန် လေးစားခြင်း စသည်တို့ကို အခြေခံ၍ အတူတကွ တည်ဆောက်ကြရမည်ဟု ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့က ကျရောက်သည့် NLD ပါတီ တည်ထောင်မှု (၃၈) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံသည် ရွေးတုအစိုးရ၏ ဥပဒေချိုးဖောက် အာဏာသိမ်းမှုနှင့်အတူ လူမဆန်စွာ ရက်စက်မှုများကြောင့် ပြည်သူအများမှာ လူမှုစီးပွားရေး အကျပ်အတည်းများကို နေ့စဉ်ခံစားနေရပြီး အရေးကြီးဆုံးသည် အကြမ်းဖက်မှုများ လျော့ကျစေရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်ရေးတို့ဖြစ်သည်။
ထို့အပြင် ပြည်သူ့အသက်အိုးအိမ်၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် အခြေအနေများ ဖြစ်ထွန်းပေါ်ပေါက်ရေး တို့သည်လည်း ယခုကာလအတွက် အရေးကြီးဆုံးဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန် ပြည်သူ့ဆန္ဒ အပါအဝင် အခြေခံစံနှုန်းများကို NLD ပါတီက ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စရပ်အတွက် ဒီမိုကရေစီ စံနှုန်းများ၊ ဖက်ဒရယ်စံနှုန်းများ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားများအပါအဝင် သက်ဆိုင်ရာအင်အားစုများ အားလုံးပါဝင်နိုင်မှုတို့အား အခြေခံရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း အားနည်းချက်များ၊ သင်ခန်းစာများကို ရိုးသားစွာ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း NLD က ဆိုသည်။
ယခု (၃၈) နှစ်တာခရီးစဉ်သည် ပြည်သူလူထု၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းရုန်းကန်ခဲ့သည့် သမိုင်းနှင့် ဆက်စပ်နေပြီး ဖိနှိပ်မှု၊ အခက်အခဲ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး တို့အပေါ် အခြေခံသည့် နိုင်ငံရေး ယုံကြည်ချက်များ ဆက်လက်ထိန်းသိမ်း ထားကြောင်း လည်း NLD ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ပြီးခဲ့သည့် ၁၉၉၀၊ ၂၀၁၂ ၊၂၀၁၅၊ ၂၀၁၇ ရွေးကောက်ပွဲများနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်အံတု၍ ပြည်သူလူထုက လွတ်လပ်သည့် စိတ်ဆန္ဒဖြင့် မဲပေး ရွေးချယ် ခဲ့မှုသည် NLD ပါတီအပေါ် ယုံကြည်ထောက်ခံမှု ဖော်ပြသော ထင်ရှားသည့် သမိုင်းမှတ်တမ်း များဖြစ်သည်ဟု ပြောကြားထားသည်။
အဆိုပါ သမိုင်းမှတ်တမ်းများသည် NLD တစ်ပါတီတည်း၏ သမိုင်းမဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် အသက်၊ သွေး၊ ချွေး၊ လွတ်လပ်ခွင့်များကို ပေးဆပ်ခဲ့ကြသည့် ပြည်သူများ၊ နိုင်ငံရေးအင်အားစုများ၊ မျိုးဆက်အသီးသီးတို့၏ သမိုင်းလည်းဖြစ်ကာ အနစ်နာခံ၊ အသက်ပေး၊ မတုန်မလှုပ် ရပ်တည်ကြသူများအား ဂုဏ်ပြုကြောင်း NLD က ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်