ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ကမ္ဘာကျော် K-pop အဆိုတော်အဖွဲ့ BLACKPINK အဖွဲ့မှ ထိုင်းအနုပညာရှင်LISA သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသည့် ၂၀၂၆ MTV Video Music Awards(VMAs) ဆုပေးပွဲတွင် Dream သီချင်းဖြင့် Best Pop ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
LISA သည် အဆိုပါဆုကို ပထမဆုံး ရရှိခဲ့သည့် K-pop တစ်ကိုယ်တော် အနုပညာရှင်အဖြစ်စံချိန်တင်ခဲ့ပြီး ကမ္ဘာကျော်အနုပညာရှင်များဖြစ်သည့် Taylor Swift, Ariana Grande, Olivia Rodrigo, Charli xcx, Sabrina Carpenter နှင့် Tate McRae တို့ကိုကျော်လွန်ကာ အဆိုပါဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။

“ပရိတ်သတ်တွေမရှိရင် ကျွန်မ ဒီနေရာကို ရောက်လာနိုင်မှာမဟုတ်ပါဘူး။ အချစ်တွေနဲ့ အမြဲ ပံ့ပိုးပေးကြလို့ အများကြီး ကျေးဇူးတင်ပါတယ်” ဟု LISA က ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။
‘Dream’ သီချင်းသည် ယခုနှစ် VMAs ဆုပေးပွဲတွင် Best Pop ဆုအပြင် Best K-Pop, Best Cinematography နှင့် Best Editing စသည့် ဆုအမျိုးစားပေါင်း လေး ဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ကြောင်းလည်း သိရသည်။
ထိုင်းK-Pop အဆိုတော် LISA သည် VMAs ဆုပေးပွဲတွင် လေးကြိမ်မြောက် ဆုရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၂၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်များတွင်လည်း Best K-Pop ဆုများကို ဆက်တိုက်ရရှိခဲ့ကြောင်း သိရသည်။
ကိုးကား – The Nation Thailand