ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

 

လက်ရှိဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မွန် – တနင်္သာရီ ကမ်းရိုးတန်းသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဖြတ်ကျော်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်နီ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံဖန် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် အထူးကြိုတင် သတိပြုကြရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများလည်း ကြိုတင်သတိပြု ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

 

တစ်ဆက်တည်းတွင် လာမည့် အောက်တိုဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် လေဖိအားနည်းရပ်ဝန်း သုံး ကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ် ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

 

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှလည်း ကောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် အလယ်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ ၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ၊ အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်အတွင်း တောင်ပိုင်းဒေသများမှ ဆက်လက်ဆုတ်ခွာသွားမည် ဖြစ်သည်။

 

ဓာတ်ပုံ – မိုး/ဇလ ၊ ဧရာဝတီတိုင်းမ်