ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
အမေရိကန်နိုင်ငံနဲ့ ကမ္ဘာပျက်မယ့် စစ်ပွဲကြီးဖြစ်ပွားဖို့အထိ အသင့်ရှိနေပေမဲ့ ငြိမ်းချမ်းရေးရရှိနိုင် မယ့် အခွင့်အရေးကို လက်လွှတ်မခံချင်တာကြောင့် သံတမန်နည်းလမ်းနဲ့ ဆွေးနွေးဖို့လည်း လမ်းဖွင့်ထား ဆဲလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံအပြီး NBC News ရဲ့ “Meet the Press” အစီအစဉ်မှာ ၎င်းက အ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲပြီးရင် စစ်ရေးအရ တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်ရဲ့ အ ဆင့်မြင့် ရေအောက် ဒရုန်းတစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၂၇ ရက်မှာ ကြေညာခဲ့ပါ တယ်။
အီရန်ရဲ့ တောင်းဆိုချက်တွေကို အမေရိကန်က လိုက်လျောမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးပြီး နျူကလီးယား ဆွေးနွေးပွဲတွေကို ရက်သတ္တပတ်အတွင်း ပြန်လည်စတင်မယ်လို့ အဘတ်စ် အာရတ်ချီက ဆိုပါတယ်။
အီရန် တောင်းဆိုထားတဲ့ အချက်တွေထဲမှာ အမေရိကန်ရဲ့ ရန်လိုသော လုပ်ရပ်များ ရပ်တန့်ရေး၊ ရေကြောင်းပိတ်ဆို့မှုနဲ့ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးတို့ ပါဝင်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ မပြီးဆုံးသေး ဘဲ ရန်သူကို ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ပေးသွားမယ်လို့ အီရန်တပ်ချုပ် အာမီရ်ဟာတာမီက ပြောထား ပါတယ်။
အမေရိကန်ရဲ့ နျူကလီးယားဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ စားပွဲဝိုင်းဆွေးနွေးပွဲကလွဲလို့ အ ခြားနည်းလမ်း မရှိဘူးလို့ အီရန်က ထောက်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ကယ်ဝေါ့ဇ်က အီရန်ရဲ့ အဆိုပြုချက်ဟာ လက် ခံနိုင်စရာမရှိတဲ့ ဟန်ပြတောင်းဆိုချက်သာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပေမဲ့ နှစ်ဖက်သံတမန်တွေ စေလွှတ်ဆွေးနွေးမှုတွေ ရှိနေ တာကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါတယ်။
News: CNBC
Ref; Iran’s foreign minister says Tehran ready for ‘doomsday’ war with U.S., but leaves diplomacy on the table