ဆောင်းပါးရှင်-လက်ပံနီ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁၉ ရက်)

“ကျွန်မ ရွာကိုမရောက်တာ သုံးနှစ်နီးပါး ကြာသွားပြီ။ ညီမဝမ်းကွဲရဲ့ လက်မောင်းပေါ်က အမာရွတ်ကတော့ ဘယ်တော့မှ ပျောက်မှာမဟုတ်တော့ပါဘူး”

၂၀၂၆ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်မှာ ဇီဇဝါကျေးရွာကို ကျွန်မ ပြန်ရောက်တော့ ညီမဖြစ်သူက မညီမညာဖြစ်နေတဲ့ ဒီအမာရွတ်ကြီးကို ပြခဲ့တာပါ။

၂၀၂၃ ခုနှစ် နှောင်းပိုင်းက မီးလောင်နေတဲ့ အိမ်ထဲ ပြန်ပြေးဝင်တုန်း နံရံနဲ့ အပြင်းအထန် တိုက်မိခဲ့တဲ့ ဒဏ်ရာ။ အဲဒီအချိန်မှာ နာတယ်လို့တောင် မသိခဲ့ဘူးလို့ သူမက ပြန်ပြောပြပါတယ်။

အမာရွတ်ကို ကြည့်ရင်း ကျွန်မ သဘောပေါက်လာတာက စစ်ဟာ အသက်ရှင်နေသေးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာသာ ကျန်နေခဲ့တာ မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်အချိန် ပြေးရမလဲ၊ ဘာကို အရင်ယူရမလဲ၊ မိသားစုကို ဘယ်လို မကွဲအောင် ထိန်းရမလဲ၊ နောက်တစ်နေ့အတွက် ဘယ်လို ဝင်ငွေရှာရမလဲဆိုတဲ့ ဆုံးဖြတ် ချက်တိုင်းထဲမှာပါ စစ်က နေရာယူလာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဟာ ဒီနှစ် ဩဂုတ်လမှာ ရေကြီးရေလျှံမှုတွေ ပြင်းထန်ခဲ့ပြီး ကျွန်မရဲ့ ဇာတိရွာဖြစ်တဲ့ ဇီဇဝါကျေးရွာကို ပြန်ရောက်ခဲ့တာပါ။ အခုတော့ ရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာနနဲ့ ဆက်နွယ်နေတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

ရွာထဲ ပြန်ရောက်ချိန်မှာ ကျွန်မရင်ကို အများဆုံး ထိမိစေခဲ့တာက ထင်သာမြင်သာရှိနေတဲ့ စစ်ရဲ့ အပျက် အစီးတွေ မဟုတ်ပါဘူး။ နေ့တိုင်းလိုလို ကြုံနေရတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်း ဝင်လာနိုင်တဲ့ အန္တရာယ်ကြားမှာ ကျွန်မရဲ့ အဒေါ်တွေ၊ ဦးလေးတွေနဲ့ ဝမ်းကွဲမောင်နှမတွေ သူတို့ရဲ့ နေ့စဉ်ဘဝကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြလဲ ဆိုတဲ့ အချက်ပါပဲ။

အညာမှာ ဆွေမျိုးမိသားစုတွေ ပြန်ဆုံကြရင် “ဘယ်သူ ဘယ်လိုနေသလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘယ်သူ ဘယ်ကို ရွှေ့သွားသလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ စကားဝိုင်း စတတ်ကြပါတယ်။ အဲဒီစကားဝိုင်းတွေကနေ အာဏာသိမ်းပြီးနောက် ငါးနှစ်အတွင်း ညီမဝမ်းကွဲတွေ ဘယ်လိုအန္တရာယ်တွေကို ဖြတ်ကျော် နေရသလဲ ဆိုတာကို ကျွန်မ ပိုနားလည်လာခဲ့ပါတယ်။

အရင်က စိတ်ကူးထဲတောင် မရှိခဲ့တဲ့ အရာတွေဟာ အခုတော့ သူတို့ရဲ့ နေ့စဉ်ဘဝကို စီမံဖို့ သိထားရမယ့် အခြေခံ အသိပညာတွေ ဖြစ်နေပါပြီ။ မိသားစု စကားဝိုင်းတွေထဲက ဝမ်းကွဲညီမ တစ်ယောက်ရဲ့ အတွေ့အကြုံကတော့ ကျွန်မရဲ့ စိတ်ကို စွဲကျန်စေခဲ့ပါတယ်။

ညီမဖြစ်သူဟာ ဇီဇဝါကျေးရွာမှာ မိသားစုနဲ့အတူ နေထိုင်ပြီး အသေးစားရောင်း ဝယ်ရေး လုပ်ငန်း တစ်ခုကို လုပ်ကိုင်သူပါ။ စစ်မဖြစ်ခင်က သူမရဲ့ဘဝဟာ အတော်အသင့် အေးချမ်းပြီး ရိုးရိုးရှင်းရှင်းပါပဲ။ မိသားစုစားဝတ်နေရေးအတွက် ထိန်းကူရင်း နေ့စဉ်အသက်မွေးဝမ်းကျောင်းကို ပုံမှန်လည်ပတ်နေတဲ့ သာမန်အညာအမျိုးသမီးတစ်ဦး ဖြစ်တာမို့ အညာနေ့စဉ်ဘဝရဲ့ စည်းချက် အတိုင်း ရိုးရိုးလေးလည်ပတ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၃ နှစ်ကုန်ပိုင်း နေ့လယ်ခင်းတစ်ခုမှာတော့ ရိုးရိုးလေးလည်ပတ်နေတဲ့ဘဝနဲ့ အသက်ရှင် ရပ်တည်ရေးကြားက နယ်နိမိတ်ဟာ မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ သူမတို့ အိမ်ဝင်းထဲကို ဝင်လာခဲ့ပါတယ်။ အိမ်မှာ သူမနဲ့အတူ အသက် ၈၃ နှစ်အရွယ် အဖေနဲ့ အသက် ၁၅ နှစ်အရွယ် သမီးတို့ ရှိနေကြပြီး စစ်ကြောင်းက “မသေချင်ရင် အကုန်ထွက်” လို့ အော်ဟစ်ကာ သုံးယောက်လုံးကို အိမ်အပြင် ထွက်ခိုင်းခဲ့ပြီး ရဲစခန်းဘက် သွားစေကာ အိမ်ကို မီးရှို့ခဲ့ကြပါတယ်။

အိမ်ထဲမှာ စပါးရိတ်သိမ်းချိန်အတွက် ချန်ထားတဲ့ ငွေကျပ် ၃၄၅ သိန်း ရှိပါတယ်။ “မသေချင်ရင် အကုန်ထွက်” လို့ အော်သံကြားချိန်မှာ သူမစိတ်ထဲ ဝင်လာတာက ဒီငွေမပါဘဲ ထွက်သွားလို့ မဖြစ်ဘူး ဆိုတာပါပဲ။ ပေးစရာအကြွေး၊ ဆီဖိုးနဲ့ အလုပ်သမားခတွေ ရှိနေပြီး ဒါဟာ ဂဏန်းတစ်ခုမဟုတ်ဘဲ တစ်နှစ်စာ အသက်မွေးဝမ်း ကျောင်းကို ဆက်လည်စေမယ့် အရင်းအနှီး ဖြစ်ပါတယ်။

အသက်မသေဘဲ လွတ်မြောက်ခဲ့ရင်တောင် အဲ့ဒီငွေသာ မရှိတော့ရင် ဘဝကို ဘယ်လိုပြန်စမလဲဆိုတဲ့ အပူက သူမကို ခြောက်လှန့်လာခဲ့ပါတယ်။

“အသက်ရှင်ခြင်း” ဆိုတာ အသက်မသေဘဲ လွတ်မြောက်သွားရုံနဲ့ မပြီးတော့ဘဲ လွတ်မြောက်ပြီး နောက် ဆက်အသက်ရှင်နိုင်ဖို့ လိုမယ့် အရာတွေကိုပါ ကယ်ထားနိုင်ဖို့ လိုအပ်လာတယ်ဆိုတဲ့ အကြောင်း အဲဒီနေ့က သက်သေ ပြခဲ့တာပါ။ ဒါကြောင့် သူမဟာ သတ္တိကို စုစည်းပြီး စစ်ကြောင်းထဲက တပ်ဖွဲ့ဝင်တစ်ယောက်ဆီသွားရောက်ကာ ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။ သူမနဲ့ သမီးကို အလျင်စလို ဆွဲထုတ်လာတာကြောင့် ဖိနပ်တောင် မစီးခဲ့ရတာမို့ ဖိနပ်ပြန်ယူဖို့အတွက် အိမ်ထဲခဏ ဝင်ခွင့်ရဖို့ တောင်းဆိုလိုက်တာပါ။

ခေါင်းညိတ်ပြတာကို မြင်လိုက်ရတာနဲ့တချိန်တည်း အိမ်ထဲကို သမီးလက်ဆွဲပြီး ပြန်ပြေးဝင်ခဲ့ပါတယ်။ သော့ ခတ်ထားတဲ့ အဝတ်ဗီရိုကို ဖောက်ဖွင့်ပြီး ပိုက်ဆံအိတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို ယူခဲ့ပါတယ်။

အဲဒီအချိန်မှာ စာရွက်စာတမ်းတွေဟာ စက္ကူစုတ်တွေ မဟုတ်တော့ဘဲ မိသားစုရဲ့ အသက်မွေးဝမ်း ကျောင်းကို ဆက်ထားနိုင်ဖို့နဲ့ နေရပ်စွန့်ခွာရချိန်၊ စစ်ဆေးရေးဂိတ်တွေ ဖြတ်ရချိန်မှာ ကိုယ့်ကိုယ်ကို အတည်ပြုနိုင်ဖို့ လိုအပ်တဲ့ အထောက်အထားတွေ ဖြစ်လာခဲ့ပါတယ်။ အိမ်ဘေးက နေရာကျဉ်းကျဉ်း လေးထဲ ပိုက်ဆံနဲ့ စာရွက်စာတမ်းတွေကို ဝှက်ထားခဲ့ပြီး “မီးမရောက်ပါစေနဲ့၊ သူတို့မမြင်ပါစေနဲ့” လို့သာ အကြိမ်ကြိမ် ဆုတောင်းခဲ့ရပါတယ်။

အဲ့ဒီနောက် သူမနဲ့ သမီး ထွက်ပြေးနိုင်ခဲ့ပေမယ့် အသက် ၈၃ နှစ်အရွယ် အဖေက ရဲစခန်းဘက် ခေါ်သွားခံရပြီး ကျန်ရစ်ခဲ့ပါတယ်။ သမီးဖြစ်သူက “စစ်သားတွေဆီ ပြန်မသွားချင်ဘူး အမေ” လို့ ငိုပြီး တောင်းပန်နေတယ်။ သူတို့သားအမိ ထွက်ပြေးလို့ ရနိုင်တဲ့ အခွင့်အရေးက ရှေ့မှာရှိနေတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အသက် ၈၃ နှစ်အရွယ် အဖေမို့ တစ်ယောက်တည်း မထားခဲ့နိုင်ဘူးလို့ သူမ ဆုံးဖြတ်ခဲ့တယ်။

“ဘာပဲဖြစ်ဖြစ် မိသားစုက အတူတူရှိရမယ်” လို့ သူမက သမီးကို ပြောခဲ့တယ်။ လွတ်မြောက်ဖို့ လမ်းတစ်လမ်း ရှိနေချိန်မှာပဲ သူမက မိသားစုကို မခွဲတဲ့ဘက်ကို ပြန်ရွေးခဲ့တယ်။ သူတို့(စစ်တပ်) ကတော့ အဖေ့ကို ရဲစခန်းမှာ ခေါ်ထားခဲ့တာဟာ ပစ်ခတ်မှုတွေကြောင့် ထိခိုက်မိမှာစိုးလို့ ခေါ်ထိန်းတဲ့ သဘောမျိုးလို့ပြောပြီး ညနေ မိုးချုပ်တော့ စခန်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

သူမကတော့ မီးလောင်နေတဲ့ အိမ်ထဲ ပြန်ပြေးဝင်တုန်းက လက်မောင်းဒဏ်ရာကို ရဲစခန်းရောက်မှ သတိထားမိခဲ့ပေမယ့် သုံးနှစ်နီးပါးကြာတဲ့အထိ အမာရွတ်က ကျန်နေဆဲဖြစ်ပြီး သူတို့ရဲ့ လုံခြုံမှုမရှိတဲ့ ဘဝကလည်း ပြီးဆုံးသွားခြင်း မရှိသေးပါဘူး။

အဲဒီနေ့နောက်ပိုင်းကစပြီး သူတို့မိသားစုဟာ အမြဲတမ်း အသင့်ပြင်ထားရတဲ့ဘဝနဲ့ နေထိုင်ကြရပါတော့တယ်။ အိမ်နောက်ဘက်မှာ ဗုံးခိုကျင်းလေးတစ်ခု ဆောက်ထားတယ်။ အိပ်ရာကနေ ဗုံးခိုကျင်း၊ ဗုံးခိုကျင်းကနေ အိပ်ရာဆီ တခါတရံ တစ်နေ့တည်း နှစ်ကြိမ် သုံးကြိမ်လောက်ကို အပြန်အလှန် ပြေးရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းရန်သတိပေးချက်နဲ့ နောက်ထပ် မြေပြင်ကို စစ်ကြောင်း ဝင်လာနိုင်တဲ့ အန္တရာယ်တွေဟာ သူတို့နေ့စဉ်ဘဝရဲ့ လုပ်ရိုးလုပ်စဉ်ထဲမှာ ပါဝင်လာတဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။

နောက်တော့ မိန်းမသားဆိုပေမယ့် သူမဟာ အခြေအနေပေးရင်ပေးသလောက် အသေးစား ရောင်းဝယ်ရေး လုပ်ငန်းကို ဆက်လည်ပတ်ပါတယ်။ နောက်တစ်ခါ ထပ်ပြေးရရင် ငွေလိုမယ်၊ နေရာအသစ်မှာ ပြန်စရရင်လည်း ငွေလိုမယ်။ စစ်ဘေးကြားထဲမှာ စီးပွားရှာတာဟာ အမြတ်လိုချင်လို့ မဟုတ်တော့ဘဲ ရွှေ့ရမယ့်နေ့ကို ရင်ဆိုင်နိုင်ဖို့ အသက်ရှင်ရပ်တည်ရေးအတွက် အင်အား စုဆောင်းတာလို့ သူမက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဇီဇဝါကျေးရွာကို ထိန်းချုပ်ဖို့ ပြင်ဆင်ချိန်မှာ ဒေသခံတွေကို နေရာရွှေ့ဖို့ သုံးနာရီလောက်ပဲ ကြိုတင်အသိပေးခဲ့ပါတယ်။ သူတို့မိသားစုလည်း ဆိုင်က ကုန်ပစ္စည်းတချို့ကို အပြေးအလွှား သယ်ယူပြီး စစ်ကိုင်းတိုင်းအတွင်းပိုင်းက ဆွေမျိုးတွေရှိရာ ကျေးရွာတစ်ရွာမှာ သွားခိုလှုံခဲ့ကြပါတယ်။ စစ်ရှောင်ဘဝမှာတောင် ဂျုံနဲ့ ကုန် ပစ္စည်းတွေ ရောင်းချရင်း ၈၅ သိန်းနီးပါး ဝင်ငွေရှာနိုင်ခဲ့တာကို သူမက ဂုဏ်ယူစွာ ပြောပြပါသေးတယ်။

နောက်ပိုင်း တော်လှန်ရေးအင်အားစုတွေ ရွာကို ထိန်းချုပ်နိုင်ခဲ့လို့ အိမ်ပြန်ရောက်ခဲ့ပေမယ့် လုံခြုံမှုနဲ့ ပြန်ရလာတာတော့ မဟုတ်ပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းအန္တရာယ်က ရှိနေဆဲပါ။

အခုဆိုရင် သူမဟာ ဝေါ်ကီ တော်ကီ (စကားပြောစက်) က လာတဲ့ သတိပေး ချက်တွေကို နားလည်နေ ပါပြီ။ လေယာဉ်ဦးတည်ရာနဲ့ တည်နေရာပြ စကား လုံးတွေကို အဓိပ္ပာယ်ဖော်တတ်နေပါပြီ။ “အဲဒီဘက်ကို လာတယ်လို့ ကြားရင် လုံခြုံတဲ့နေရာကို ချက်ချင်းရှာ” လို့ သတိပေးတတ်တဲ့အထိ အသိပညာနဲ့ ဗဟုသုတရှိလာခဲ့ပါပြီ။

ညီမဝမ်းကွဲဖြစ်သူရဲ့ ဇာတ်လမ်းမှာ ကျွန်မစိတ်ထဲ မပျောက်နိုင်တာက သူမဟာ ထူးခြားတဲ့ သူတစ်ယောက် ဖြစ်ခဲ့လို့ မဟုတ်ဘဲ စစ်မဖြစ်ခင်အထိ သာမန်အညာအမျိုးသမီးတစ်ယောက်သာ ဖြစ်ခဲ့လို့ပါ။

သူမဟာ လူသားချင်းစာနာထောက်ထားရေးဝန်ထမ်း မဟုတ်သလို နိုင်ငံရေးလှုပ်ရှားသူလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် စစ်က သူမတို့မိသားစုနဲ့ ရပ်ရွာအတွက် အဲဒီအခန်းကဏ္ဍတွေထဲက တစ်စိတ်တစ်ပိုင်းစီကို တတ်သိနားလည်အောင် လုပ်ရမယ်ဆိုတဲ့ နေ့စဉ်ဘဝကတစ်ဆင့် သင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အတွေ့အကြုံကို ကြည့်လိုက်ရင် အညာအမျိုးသမီးတွေကို ဒုက္ခသည်၊ ထိခိုက် လွယ်သူဆိုတဲ့ ပုံရိပ်တစ်ခုတည်းနဲ့ ကြည့်လို့ မရတော့ပါဘူး။

သူမဟာ မိသားစုရဲ့ မျိုးဆက်သုံးဆက်ကို ကာကွယ်ခဲ့တယ်။ အရင်းအနှီးတွေကို မဆုံးရှုံးအောင် ဆုံးဖြတ်ခဲ့တယ်။ စစ်ရှောင်ဘဝမှာ စီးပွားရေး ဆက်လုပ်ခဲ့တယ်။

ကျွန်မ ဒီအကြောင်းအရာကို ရေးလိုက်လို့ ဝမ်းကွဲညီမဖြစ်သူဟာ ဒုက္ခကို “ကြံ့ကြံ့ခံနိုင်စွမ်း” ရှိတဲ့ အမျိုးသမီးပါလား ဆိုတဲ့ စကားလုံးလှလှလေးရဲ့အောက်မှာပဲ ဖုံးထားလို့ မရပါဘူး။ သူမရဲ့ လက်မောင်းပေါ်မှာ အမာရွတ် ကျန်နေဆဲ၊ မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

စစ်က သူမကို ပိုခိုင်မာလာစေခဲ့တယ်လို့ ပြောလို့မရပါဘူး။ ပိုပြီးသေချာတာက သူမဆီမှာ နဂိုကတည်းက ရှိနှင့်ပြီးသား ဆုံးဖြတ်နိုင်စွမ်း၊ မိသားစုအပေါ် တာဝန်ယူစိတ်နဲ့ ရပ်တည်နိုင်စွမ်းတွေကို စစ်က အပြင်းအထန် စမ်းသပ်ခဲ့တာပါ။

အညာအမျိုးသမီးတွေရဲ့ အင်အားဟာ ပြင်ပကနေကူညီပေးနေတဲ့ “စွမ်းဆောင်ရည်မြှင့်တင်ရေး” အစီအစဉ်တွေကနေ လာတာမဟုတ်ပါဘူး။ အသစ်ထည့်ပေးလိုက်တဲ့အရာ မဟုတ်ပါဘူး။ အိမ်ထောင်စုစီမံခန့်ခွဲမှု၊ လယ်ယာလုပ်ငန်း၊ ကုန်သွယ်မှု၊ မိသားစုစောင့်ရှောက်မှုတွေထဲမှာ အဲဒီအင်အားတွေဟာ နဂိုကတည်းက အမြစ်တွယ်နေခဲ့တာပါ။ စစ်က အဲဒီတာဝန်တွေကို ပိုလေးလာ စေခဲ့သလို အရင်က မမြင်သာခဲ့တဲ့ သူတို့ရဲ့ လူမှုရေးနဲ့ စီးပွားရေး အရေးပါမှုကိုပါ ပိုမို ပေါ်လွင် လာစေခဲ့တာ ဖြစ်ပါတယ်။

အညာအမျိုးသမီးတွေရဲ့ ဘဝကို ရှေ့ဆက်နေစေတဲ့ အင်အားဟာ အပြင်ကနေ ရောက်လာမယ့်အရာ မဟုတ်ဘဲ မီးဖိုချောင်ကနေ လယ်ကွင်းအထိ၊ ဈေးဆိုင်ကနေ ဗုံးခိုကျင်းအထိ နေ့စဉ် ဆုံးဖြတ်ရသမျှ အရာတွေတိုင်းဟာ သူတို့လက်ထဲ ရှိနေပြီးသား ဖြစ်ပါတယ်။

“စစ်ဟာ အညာအမျိုးသမီးတွေအတွက် အင်အားကို ဖန်တီးခဲ့တာ မဟုတ်ဘူး။ မမြင်မိခဲ့တဲ့ အင်အားကို ပိုမြင်သာလာစေခဲ့တာပါ”