ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ စက်တင်ဘာ ၂၇ ရက်)
ချောင်းဆိုးခြင်းဟာ လူတိုင်းနီးပါး ကြုံဖူးကြတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုး တိုင်း အဆုတ်ရောဂါမဟုတ်သလို၊ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ရုံနဲ့လည်း ချောင်းဆိုးရတဲ့ အကြောင်းရင်းကို ကုသပြီးသား ဖြစ်မသွားပါဘူး။ အအေးမိလို့လည်း ချောင်းဆိုးနိုင်သလို အဆုတ် ရောင်ရောဂါ၊ ပန်းနာရင်ကျပ်၊ တီဘီ၊ အစာအိမ်အက်ဆစ်ပြန်တက်ခြင်း စတဲ့ ရောဂါတွေကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ တချို့သူတွေမှာ ဆေးဝါးတစ်မျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်တောင် ချောင်းဆိုးနေနိုင်ပါတယ်။
ဘာကြောင့် ချောင်းဆိုးရတာလဲ
အမှန်တကယ်တော့ ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကာကွယ်ရေးတုံ့ပြန်မှု (Protective Cough Reflex) တစ်ခုသာ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို အချွဲ၊ ဖုန်မှုန့်၊ မီးခိုး၊ ဓာတုပစ္စည်း၊ ရောဂါပိုး၊ အစားအသောက်အမှုန် စတာတွေ ဝင်လာတဲ့အခါ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အာရုံခံအင်္ဂါလေးတွေက လှုံ့ဆော်ခံလိုက်ရပါတယ်။ အဲဒီကနေတစ်ဆင့် အာရုံကြောလမ်းကြောင်းကနေ ဦးနှောက်ရဲ့အညှာထဲမှာရှိတဲ့ ချောင်းဆိုးခြင်းကို ထိန်းချုပ်ထားတဲ့နေရာဆီကို ပို့ပေးပါတယ်။
ဦးနှောက်က ပြန်လည်တုံ့ပြန်တဲ့အခါ အရင်ဆုံး အသက်ကို နက်နက်ရှူသွင်းပြီး အသံအိုးအဝကို ခဏပိတ်ကာ ရင်ဘတ်အတွင်း ဖိအားမြင့်တက်လာစေပါတယ်။ နောက်ဆုံး အသံအိုးအဝ ပြန်ပွင့်သွား ချိန်မှာ လေကို အရှိန်ပြင်းပြင်းနဲ့ အပြင်ကိုထုတ်လိုက်ပြီး အချွဲ၊ အညစ်အကြေးနဲ့ လှုံ့ဆော်ပစ္စည်းတွေကို ရှင်းထုတ်ပါတယ်။ ဒါဟာ ချောင်းဆိုးတယ်ဆိုတဲ့ ဖြစ်စဉ်ပါပဲ။ ဒါကြောင့် ချောင်းဆိုးခြင်းကို အမြဲတမ်း အတင်းဖိနှိပ်ပစ်ဖို့ မသင့်ပါဘူး။ အချွဲရှိတဲ့သူတစ်ယောက်မှာ ချောင်းဆိုးခြင်းက အသက်ရှူလမ်းကြောင်း ထဲက အချွဲတွေကို ထုတ်ပစ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ချောင်းခြောက်ဆိုးခြင်းနဲ့ အချွဲပါချောင်းဆိုးခြင်း
ချောင်းခြောက်ဆိုးခြင်း (Dry / Non-productive cough)
ချောင်းဆိုးပေမယ့် အချွဲမထွက်တာ ဖြစ်ပါတယ်။ လည်ချောင်းယားသလို၊ တစ်ခုခုက လည်ချောင်းကို လှုံ့ဆော်နေသလို ဖြစ်တတ်ပြီး ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းအစပိုင်း၊ COVID-19 နှင့် ရာသီတုပ်ကွေး (Influenza)၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်မှု (Allergy)၊ မီးခိုးအန္တရာယ်နဲ့ လေထုညစ်ညမ်းမှု၊ အစာအိမ် အက်ဆစ်ပြန်တက်ခြင်း (GERD) နဲ့ ဆေးဝါးအချို့ကြောင့် ဖြစ်နိုင်ပါတယ်။
အချွဲသလိပ်ပါချောင်းဆိုးခြင်း (Productive / Wet cough)
ချောင်းဆိုးချိန်မှာ အချွဲသလိပ် (Sputum / Phlegm) ထွက်လာတတ်ပါတယ်။ အအေးမိခြင်း၊ လေပြွန် ရောင်ခြင်း (Bronchitis)၊ အဆုတ်အအေးမိ ရောင်ရမ်းခြင်း (Pneumonia)၊ နာတာရှည် လေပြွန် ကျဉ်းရောဂါ (COPD)၊ အဆုတ်ထိခိုက် လေပြွန်ကျယ်ရောဂါ (Bronchiectasis) နဲ့ တီဘီအပါ အဝင် အသက်ရှူလမ်းကြောင်း ရောဂါအမျိုးမျိုးမှာ တွေ့ရတတ်ပါတယ်။
အရေးကြီးတာက အချွဲအဝါ၊ အစိမ်းရောင်ဖြစ်နေလို့ ဘတ်တီးရီးယားပိုး ဝင်တာပဲ (Bacterial infection) ဆိုတဲ့ အယူအဆ မမှန်ပါဘူး။ အချွဲအရောင်ပြောင်းခြင်း တစ်ခုတည်းကို ကြည့်ပြီး ပိုးသတ်ဆေး (Antibiotic) လိုတယ်လို့ ဆုံးဖြတ်လို့ မရပါဘူး။
ချောင်းဘယ်လောက်ကြာကြာ ဆိုးနေလဲက ပိုအရေးကြီးသည်
ဆရာဝန်တွေက ချောင်းဆိုးတဲ့ကြာချိန်ကို ရောဂါရှာဖွေရာမှာ အရေးကြီးတဲ့အဆုံးအဖြတ် တစ်ခုအဖြစ် အသုံးပြုကြပါတယ်။
၃ ပတ်အောက် ဖြစ်ရင်တော့ ကာလတို ချောင်းဆိုးခြင်း (Acute cough) ၊ ၃ ပတ်မှ ၈ ပတ်အတွင်း ဖြစ်ရင် ကာလတို ထက်ပိုကြာတဲ့ချောင်းဆိုးခြင်းကာလတိုထက် ပိုကြာသောချောင်းဆိုးခြင်း (Subacute cough)၊ ၈ ပတ်ကျော် ဆက်ရှိနေရင်တော့ နာတာရှည် ချောင်းဆိုးခြင်း (Chronic cough) လို့ အများအားဖြင့် ခွဲခြားပါတယ်။
အအေးမိပြီးနောက် တခြားလက္ခဏာတွေ ပျောက်သွားပေမဲ့ ချောင်းဆိုးတာကတော့ ရက်သတ္တပတ် အနည်းငယ် ဆက်ကျန်နေနိုင်ပါတယ်။ ဒါဟာ အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်းမှုနဲ့ အလွယ် တကူ ပြန်ထိခိုက်နိုင်တဲ့ အခြေအနေ ကျန်နေသေးလို့ ဖြစ်ပါတယ်။
ချောင်းဆိုးစေနိုင်သော အကြောင်းရင်းများနှင့် ရောဂါများ
အအေးမိခြင်း၊ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ ရာသီတုပ်ကွေး၊ COVID-19 နဲ့ ရုတ်တရက် လေပြွန်ရောင်ခြင်းတို့ကြောင့် ကာလတိုချောင်းဆိုးခြင်း
အဖြစ်များပါတယ်။ ဖျားခြင်း၊ တုန်ချမ်းခြင်း၊ အသက်ရှူ မြန်ခြင်း၊ ရင်ဘတ်နာခြင်းတို့ တွဲလာရင် အဆုတ်ရောင် ရောဂါ (Pneumonia) ကို စဉ်းစားရပါမယ်။
အသက်ရှူတိုင်း အသံမြည်ခြင်း (wheezing)၊ ရင်ဘတ်ထဲ တင်းကြပ်နေခြင်း၊ အသက်ရှူမဝခြင်း၊ ညဘက်တွေ မနက်အစောပိုင်းတွေမှာ ပိုချောင်းဆိုးခြင်း က ပန်းနာရင်ကျပ် (Asthma) မှာ တွေ့နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
နှာရည်ယို၊ နှာခေါင်းပိတ်၊ နှာချေ၊ လည်ချောင်းအတွင်းမှာ အချွဲများသလို ခံစားရပြီး ချောင်းဆိုးနေရင် ဓာတ်မတည့်ခြင်း allergy နှင့် အသက်ရှူလမ်ကြောင်းနှင့် စပ်ဆက်တဲ့ ချောင်းဆိုးရောဂါ Upper Airway Cough Syndrome ပါ။ နှာရည်အထွက်များခြင်း Post-nasal drip ကလည်း အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
အစာစားပြီးနောက် သို့မဟုတ် အိပ်နေ ၊ လှဲနေတဲ့အခါ ပိုဆိုးခြင်း၊ ရင်ပူခြင်း၊ ချဉ်ရည်ပြန်တက်ခြင်း၊ ပါးစပ်ထဲ ချဉ်သလိုခံစားရခြင်းတို့နဲ့ တွဲနေရင် အစာချဉ်ပြန်ရောဂါ Gastroesophageal Reflux Disease – GERD ဖြစ်နိုင်ပါတယ်။
ဆေးလိပ်၊ Vape၊ မီးခိုး၊ ဖုန်မှုန့်၊ ဓာတုငွေ့တွေကို ထိတွေ့နေရခြင်းကလည်း ချောင်းဆိုးခြင်းကို ဖြစ်စေ၊ ရှိပြီးသားချောင်းဆိုးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ နာတာရှည်လေပြွန်ရောင် ရောဂါ COPD နဲ့ အခြားအဆုတ်ရောဂါတွေကိုပါ စဉ်းစားရနိုင်ပါတယ်။
သွေးတိုးရောဂါအတွက် သောက်သုံးတဲ့ (ACE inhibitor)အုပ်စုဝင် ဆေးဝါးအချို့ကလည်း ချောင်းခြောက် ဆိုးခြင်း ဖြစ်စေနိုင်ပါတယ်။ ဆေးသောက်ပြီးနောက် ချောင်းဆိုးစလာရင် ကိုယ့်သဘောနဲ့ ဆေးဖြတ် မပစ်ဘဲ ဆေးညွှန်းပေးထားတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
တီဘီ (TB) နှင့် ကြက်ညှာချောင်းဆိုးကိုပါ သတိပြုပါ
အထူးသဖြင့် တီဘီအဖြစ်များတဲ့ ဒေသတွေမှာ အချိန်ကြာကြာ ချောင်းဆိုးခြင်းကို အအေးမိရုံပဲလို့ လျစ်လျူမရှုသင့်ပါဘူး။ အဆုတ်တီဘီမှာ ၃ ပတ်နှင့်အထက် ဆက်တိုက်ချောင်းဆိုးခြင်း၊ သလိပ်သွေး ပါခြင်း၊ ရင်ဘတ်နာခြင်း၊ ဖျားခြင်း၊ ညချွေးထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်းတို့ ဖြစ်တတ်ပါတယ်။
တစ်ဆက်တည်းမှာပဲ တရစပ်ချောင်းဆိုးနေရင် ကြက်ညှာချောင်းဆိုး (Whooping Cough) ကိုပါ သတိထားရပါမယ်။ အစပိုင်းမှာ အအေးမိသလို ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မရပ်မနား တရစပ်အရှိန် ပြင်းပြင်း ချောင်းဆိုးပြီး ချောင်းဆိုးပြီးနောက် အသက်ပြန်ရှူတဲ့အခါ အသံမြည်ခြင်း၊ အန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ မွေးကင်းစနဲ့ ကလေးငယ်တွေမှာဆိုရင် ချောင်းမဆိုးဘဲ အသက်ရှူခဏရပ်သွားခြင်း (Apnea) ဖြစ်နိုင်တာကြောင့် အထူးအရေးကြီးပါတယ်။
အရေးပေါ် သတိပြုရမည့် အန္တရာယ်လက္ခဏာများ
အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူအလွန်မြန်ခြင်း၊ နှုတ်ခမ်း/မျက်နှာ ပြာလာခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်း၊ အသက်ရှူတိုင်းနာခြင်း၊ ချောင်းဆိုးရင်း သွေးပါလာခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးလာခြင်း အဖျားကြီးခြင်း၊ အလွန်နွမ်းနယ်ခြင်း၊ ရေဓာတ်ခန်း ခြောက်ခြင်း၊ ၃ ပတ်နှင့်အထက် ဆက်တိုက်ချောင်းဆိုးနေခြင်း (အထူးသဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ ညချွေးထွက်ခြင်း တွဲလာပါက) မွေးကင်းစနှင့် လသားကလေးငယ်များ အသက်ရှူခက်ခြင်း၊ နို့မစို့နိုင် ခြင်း၊ အားနည်းခြင်း စတဲ့ အခြေအနေတွေ ကြုံတွေ့လာပါက ဆေးကုသမှု ခံယူရပါမယ်။
ချောင်းဆိုးရင် ဘယ်လိုကုသမလဲ
ချောင်းဆိုးခြင်းအတွက် အရေးကြီးဆုံးအချက်က “ချောင်းကိုသာ ပျောက်အောင်ကုတာ” မဟုတ်ဘဲ “ဘာကြောင့်ချောင်းဆိုးနေတာလဲ” ဆိုတဲ့ အကြောင်းရင်းကို ကုသခြင်း ဖြစ်ပါတယ်။ သာမန်အအေးမိ ဗိုင်းရပ်စ်ကြောင့်ဆိုရင် အနားယူခြင်း၊ ရေများများသောက်ခြင်း၊ ပူပူနွေးနွေးအရည်များသောက်ခြင်း၊ နှာခေါင်းပိတ်ရင် Saline drops သုံးခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။
အသက်တစ်နှစ်နှင့်အထက် ကလေးနဲ့ လူကြီးတွေမှာ ပျားရည်အနည်းငယ် သောက်သုံးတာက ချောင်းကို သက်သာစေနိုင်ပေမဲ့ အသက်တစ်နှစ်ပြည့်သေးတဲ့ ကလေးငယ်တွေကိုတော့ ပျားရည် လုံးဝမပေး သင့်ပါဘူး။ ကိုယ်ပူဖျားနာရင် Paracetamol ကဲ့သို့ သင့်တော်တဲ့ဆေးကို ဆေးညွှန်းနဲ့အညီ သောက်သုံး နိုင်ပါတယ်။ ဆေးဆိုင်ဝယ် ချောင်းဆိုးပျောက်ဆေးများကို ကိုယ်တိုင်ဆန္ဒအလျောက် သောက်သုံး ခြင်းနှင့် ကလေးငယ်များကို မိမိသဘောဖြင့် တိုက်ကျွေးခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။
အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ချောင်းဆိုးရောဂါများ မပြန့်ပွားစေရန် ချောင်းဆိုး၊ နှာချေချိန် တစ်ရှူးဖြင့်ဖုံးအုပ်ရန်၊ လက်မကြာခဏဆေးကြောရန်၊ လူထူထပ်ရာနှင့် လေဝင်လေထွက် မကောင်းရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် ကာကွယ်ဆေးများ ထိုးနှံထားရန် လိုက်နာသင့်ပါတယ်။
အားလုံးပဲ ချောင်းဆိုးခြင်းဝေဒနာမှ ကင်းဝေးကြပါစေ။ နောက်တစ်ပတ်မှာတော့ “မုန့်ဟင်းခါး” ဆောင်းပါးကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပရိသတ်များ ကျန်းမာပျော်ရွှင်ကြပါစေ။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင် ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)