ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်းတွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့၏ မြေပြင်တိုက်ပွဲများ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စစ်တပ်ဘက်က အင်အား ၁၅၀၀ ကျော်အသုံးပြု၍ ထိုးစစ်ဆင်နေသော်လည်း အထိနာကာ လေကြောင်းပစ်ကူဖြင့်သာ အပြင်းအထန် ခုခံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကတည်းက ပုဏ္ဏားကျွန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဟု စစ်တပ်ဘက်မှ ဝါဒဖြန့်သတင်းများ ထုတ်လွှင့်ခဲ့သော်လည်း အမှန်တကယ်တွင် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ စစ်တွေမြို့ခံတပ်ရင်း နှစ် ရင်း၊ ဒရုန်းများစွာနှင့် စစ်ရေယာဉ်များပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခဲ့သော်လည်း AA ၏ တန်ပြန်တိုက်စစ်ကြောင့် ကွမ်းတောင်ကို မဖြတ်ကျော်နိုင်ဘဲ မင်းချောင်းတံတား တစ်ဖက်ကမ်းအထိပါ AA က ပြန်လည်ခြေကုပ်ယူထားနိုင်ခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
“စစ်တွေဘက်က ထိုးစစ်စစ်ကြောင်းတွေ အထိနာတယ်။ ဒါကြောင့် ဒီနေ့ကို ရခိုင် ၃ မြို့နယ်မှာ ဗုံးကြဲတာတွေ လုပ်သွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၂၆ ရက်အထိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဝါဘိုနှင့် ရဲရိုးပြင်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ Y-12 ထောက်ပံ့ရေးလေယာဉ်များနှင့် ဂျက်ဖိုက်တာများကိုပါ အသုံးပြုကာ လေကြောင်းမှ ခုခံကာကွယ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း AA က ဝါဘိုကျွန်းရှိ စစ်စခန်းနှင့် တောကန်ရှိ ကာကင်းတို့ကို သိမ်းယူခဲ့သည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်အချို့ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံး အဆောင်ပစ္စည်းများစွာကို AA ဘက်က သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။
ရွေးတုအစိုးရစစ်တပ်သည် မြေပြင်စစ်မျက်နှာပြင်တွင် အထိနာလျက်ရှိသဖြင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စခန်းအနီးဝန်းကျင်ဒေသများကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှစတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်၏ အဓိ ကကာကင်းစခန်းများနှင့် ခြေကုတ်စခန်း ကိုး ခုထက်မနည်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်း ချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)