နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ရွေးတုအစိုးရသည် တော်လှန်ရေး အင်အားစုများ၏ ခုခံတော်လှန်မှုများကြောင့် အထိနာ စစ်ရှုံး နေဆဲဖြစ်သော ချင်း(တောင်ပိုင်း)၊ ရခိုင်နှင့် ကရင်နီပြည်နယ်တို့ကို လေကြောင်းအင်အား အဓိက အသုံးပြု၍ မြေပြင်စစ် ကြောင်းများနှင့်ပါ ပူးပေါင်းကာ ပြန်လည်ထိုးစစ်ဆင်ရန် စုဖွဲ့ပြင်ဆင် လျက်ရှိကြောင်း CDM အရာရှိများနှင့် စစ်ဘက်အရင်းမြစ်များထံမှ သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုမှ အသွင်ပြောင်းလာသည့် ရွေးတုအစိုးရအနေဖြင့် အဆိုပါ ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသလို စေလွှတ်လိုက်သည့် မြေပြင်စစ်ကြောင်းများပါ အဆက်မပြတ် အထိနာနေသောကြောင့် ၎င်းတို့၏ ရုံးစိုက်ရာ နေပြည်တော်၊ မှော်ဘီနှင့် ရှမ်းတဲ လေတပ်စခန်းများတွင် အကြီးစား စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။
“တံတားဦးကို ရောက်နေတဲ့ လေယာဉ်တွေအကုန်လုံး အခုပြန်ထုတ်လို့ မိခင်တပ် မှော်ဘီ၊ ရှမ်းတဲကို ပြန်ရောက်ကုန်ပြီ။ ချင်း(တောင်ပိုင်း)၊ ရခိုင်နဲ့ ကရင်နီကို ပြန်ပြီးပစ်မှတ်ထား လုပ်ဆောင်ဖို့ သူတို့အဓိက ရည်ရွယ်ပြင်ဆင်နေတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ရှုံးအထိနာနေသည့် ကချင်ဒေသဘက်သို့ စေလွှတ်ထားသော စစ်သင်္ဘောများကို ကာ ကွယ်ရန် ပို့ဆောင်ထားသည့် တံတားဦးလေတပ်မှ Yak-130 အပါအဝင် လေယာဉ်တချို့ကိုပါ ရွေးတု အစိုးရက ပြန်လည်ခေါ်ယူခဲ့ပြီး တိုက်ခိုက်မှုအချို့ လုပ်ဆောင်နေကြောင်း သိရသည်။
“အဲဒီဒေသတွေက သူတို့အထိနာထားပြီး အခုလက်ရှိလည်း အထိနာနေတဲ့ နေရာတွေဆိုတော့ ဝေဟင် (လေကြောင်း) အပြင် မြေပြင်စစ်ကြောင်းတွေနဲ့ပါ ရတဲ့နည်းနဲ့ ဆက်လက်ထိုးနေမယ့် သဘောမျိုးပါပဲ” ဟု လုပ်သက်ရင့် လေတပ် CDM အရာရှိတစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
ရွေးတုအစိုးရသည် ထိုသို့ တိုက်ပွဲများအတွင်း ပြုန်းတီးဆုံးရှုံးနေသော စစ်အင်အားများကိုလည်း ၎င်းတို့ အသက်သွင်းပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အရွယ်ရောက်သူ လူငယ်များကို အဓိကပစ်မှတ်ထားကာ အတင်းအဓမ္မ လိုက်လံဖမ်းဆီးနေပြီး တပ်သားသစ်စုဆောင်းကာ ရှေ့တန်း စစ်မြေပြင်သို့ ဆက်လက် စေလွှတ်နေကြောင်း သိရသည်။
“ချင်း(တောင်ပိုင်း)နဲ့ ရခိုင်ကိုတော့ လေကြောင်းထိုးစစ်တွေ စဆင်နေပြီ။ ကရင်နီဘက်ကတော့ လောလောဆယ် ဒရုန်းလောက်ကိုပဲ တွေ့ရသေးတယ်၊ လေကြောင်းတိုက်ခိုက်မှု ကြီးကြီးမားမား လုပ်လာတာမျိုး မရှိသေးဘူး” ဟု စစ်ရေးဆိုင်ရာ စောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိအခြေအနေတွင် ခုခံတော်လှန်မှု အပြင်းထန်ဆုံး ရင်ဆိုင်နေရသော ချင်း(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်များကို မိတ္ထီလာတပ်နယ်ရှိ ရှမ်းတဲလေတပ်စခန်းမှ K-8 နှင့် FTC-2000G၊ နေပြည်တော် လေတပ်မှ Yak-130၊ မှော်ဘီလေတပ်မှ F-7 နှင့် MiG-29 လေယာဉ်များကို စေလွှတ် တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ထို့အတူ ကရင်နီပြည်နယ်ကိုလည်း နေ့ဘက်တွင် တောင်ငူလေတပ်နှင့် ညဘက်တွင် နေပြည်တော် လေတပ်တို့မှ တရုတ်နှင့် ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်အမျိုးအစားများကို အသုံးပြု၍ စုဖွဲ့တို က်ခိုက်ရန် စီစဉ်ဆောင်ရွက် နေကြောင်း စစ်ဘက်အရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ -MOI(ပုံဟောင်း)