ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

 

မြန်မာနိုင်ငံ၊ တနင်္သာရီကမ်းရိုးတန်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး ယင်းအရှိန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားကာ လူနေအိမ်များပြိုကျခြင်းနှင့် လူသေဆုံးမှုများ ရှိကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ် တိုင်းတာချက်အရ တနင်္သာရီကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေကာ လာမည့် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်သော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်ထား သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လောင်းလုံမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကျေးရွာ ၂၀ ခန့်တွင် ရေကြီးရေလျှံနေပြီး တောင်ပြိုကျမှုကြောင့် ကျေးရွာ ငါး ရွာမှ လူနေအိမ်များ ပိတ်မိနေကာ ပျောက် ဆုံးသူ ဆယ်နှင့်ချီရှိပြီး သေဆုံးသူ ရုပ်အလောင်း သုံး လောင်း ရှာဖွေတွေ့ရှိ ထားကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Dawei Watch တွင် ဖော်ပြထားသည်။

 

လတ်တလောတွင် အရေးပေါ် ကူညီကယ်ရေးလုပ်ငန်းများ အရေးတကြီး လိုအပ်နေကြောင်း ဒေသခံ များကထံမှ သိရသည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလထံမှ သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ လေပြင်းတိုက်ခတ်ချိန်တွင် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၂ ပေခန့်အထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။

 

ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ချောင်းငယ်အနီး နေထိုင်ကြသူများ၊ လေကြောင်းပျံသန်းရေးနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် အထူးကြိုတင်သတိထား သွားလာကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

 

ဓာတ်ပုံ – မိုး/ ဇလ ၊ လူမှုကွန်ရက်