ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ရွေးတုအစိုးရစစ်တပ်အတွင်း သစ္စာဖောက်မှု၊ စစ်ဆင်ရေးဆိုင်ရာ ပျက်ကွက်မှုများနှင့် မူးယစ်ဆေးဝါး ပတ်သက်မှုများကို လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သည့် စစ်တပ်၏ အတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား၌ ပြောဆိုခဲ့ကြောင်း သိရသည်။

တပ်မတော်သားများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရမည့်နေရာနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အမြဲအသင့်ရှိနေရမည်ဖြစ်ကြောင်း၊ မည်သည့်တပ်ဖွဲ့မဆို ခြေလျင်တပ်ဖွဲ့များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် လေ့ကျင့်တည်ဆောက်ထားရမည်ဖြစ်ကြောင်း တပ်ချုပ်ရဲဝင်းဦးက ပြောဆိုခဲ့သည်။

ထို့အပြင် အရာရှိနှင့် စစ်သည်များ စစ်သားကောင်းများ ဖြစ်လာစေရေးအတွက် အမြဲလေ့ကျင့်ပေးရမည်ဖြစ်ပြီး တပ်ဆင်ပေးထားသည့် လက်နက်နှင့် စက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်နှင့် ကျန်းမာကြံ့ခိုင်မှု ပြည့်ဝစေရေးအတွက်လည်း လေ့ကျင့်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

စစ်တပ်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပြီး အုပ်ချုပ်မှု အားနည်းပါက စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များကိုပါ ထိခိုက်နိုင်သဖြင့် တပ်ဖွဲ့ဝင်များ၏ စားရေး၊ နေရေး၊ သွားလာရေးနှင့် စစ်စည်းကမ်း ထိန်းသိမ်းရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။

တပ်မှူးများအနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ်ပြီး လက်အောက်ငယ်သားများအား ဆုံးမသွန်သင်ခြင်းနှင့် လိုအပ်သည့် ထိန်းသိမ်းအရေးယူမှုများကို ဆောင်ရွက်ရန်၊ တပ်မိသားစုများနှင့်သာမက ပြည်သူများနှင့်ပါ ယုံကြည်မှု ရရှိစေရေး တပ်မတော်သား ကျင့်ဝတ်များနှင့်အညီ အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ရှိရန်လည်း တပ်ချုပ်ရဲဝင်းဦးက တိုက်တွန်းပြောဆိုခဲ့သည်။