ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စဘတ်မြို့ အနောက်တောင်ဘက် ဝီဒယ်လာမြို့နယ်ရှိ ဘား တစ်ခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်၊ ည ၉ နာရီခွဲခန့်က အေကေ-၄၇ ရိုင်ဖယ်တွေနဲ့ ပစ္စတိုသေနတ်တွေ ကိုင် ဆောင်ထားတဲ့ သေနတ်သမား ရှစ် ဦးဟာ ဘားအတွင်း ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီး လေး ဦး အပါအဝင် လူ ၁၇ ဦး သေနတ်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုပါတယ်။

သေနတ်သမားတွေဟာ အပြင်ဘက်မှာ သောက်စားနေသူတွေကို စတင် ပစ်ခတ်ခဲ့ပြီးနောက် ဘား အတွင်းထဲအထိ ဝင်ရောက်ကာ ထပ်မံ ပစ်ခတ်ခဲ့တာပါ။

သေနတ်သမားတွေဟာ သေဆုံးသူအချို့ရဲ့ လက်ကိုင်ဖုန်းတွေကို ယူဆောင်သွားခဲ့ပြီး ယာဉ်နှစ်စီး နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်ပွားစဉ် အနီးအနားမှာရှိတဲ့ အခြား မော်တော်ယာဉ်နှစ်စီးလည်း မီးလောင်ကျွမ်းခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

လက်ရှိအချိန်အထိ ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို မသိရသေးဘဲ သေနတ်ဒဏ်ရာရရှိသူ ၁၅ ဦး ကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ပါတယ်။ပစ်ခတ်မှုကျူးလွန်သူ သေနတ်သမား ရှစ် ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးတာကြောင့် အာဏာပိုင် တွေက ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေပါတယ်။

ကိပ်တောင်းမြို့ရှိ ဖျော်ဖြေရေးစခန်းတစ်ခုမှာလည်း သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ၁၀ ဦး သေ ဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

တောင်အာဖရိကနိုင်ငံမှာ အုပ်စုဖွဲ့ပဋိပက္ခတွေ၊ ဆက်ကြေးတောင်းခံမှုတွေနဲ့ တရားမဝင် အရက် ရောင်းဝယ်မှုတွေကြောင့် ဘားတွေမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွား လေ့ရှိပါတယ်။

တောင်အာဖရိနိုင်ငံမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှု များပြားတာကြောင့် လူသတ်မှုနှုန်း အ လွန် မြင့်မားပါတယ်။

News: The Independent
Ref; At least 17 dead in mass shooting at bar in South Africa, police say