ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ လူအသွားအလာ များပြားသည့်နေရာတွင် ဖွင့်လှစ်ထားသော “7 GLORY” ဖုန်းဆိုင်၌ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၁,၂၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများနှင့် ငွေသားများ ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသားနှစ်ဦးသည် ယမန်နေ့ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ ဝန်ထမ်းများကို ဓားဖြင့်ခြိမ်းခြောက်၍ ဆိုင်ဝန်ထမ်းများ၏ လက်များကို Cable Tie များဖြင့် တုပ်နှောင်ကာ ကောင်တာနောက်တွင် ထိုင်ခိုင်းပြီးနောက် ပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“ဆိုင်ဝန်ထမ်းတွေကို ကောင်တာနောက်မှာ Cable ကြိုးနဲ့ တုပ်ပြီး ထိုင်ခိုင်းထားတာ။ ပြီးမှ iPhone ၃၇ လုံးအပြင် လက်ကိုင်ကင်မရာ OSMO Pocket တွေရော အကုန်သိမ်းယူသွားတာ” ဟု ဖုန်းဆိုင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပါသွားသည့် ပစ္စည်းများထဲတွင် iPhone ၃၇ လုံး၊ OSMO Pocket 4 Pro ၁ လုံး၊ Apple Watch ၁ လုံးနှင့် ငွေသား ကျပ် ၃၁ သိန်းတို့ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁,၂၀၀ ကျော် ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် “7 GLORY” ဖုန်းဆိုင်မှာ သုမင်္ဂလာ ၆ ထပ်ဈေးနှင့် ဈေးလေးမီးပွိုင့်အနီးတွင် တည်ရှိပြီး မြို့၏ လူစည်ကားရာ နေရာတစ်ခု ဖြစ်သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်ပြီး ပြင်ဦးလွင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ (လုယက်မှု/အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူများကို ဖမ်းဆီး ရမိရေးအတွက် ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။