ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ စက်တင်ဘာ ၂၅ ရက်က လေယာဉ်တစ်စင်း ပျက် ကျခဲ့ရာ ထိပ်တန်း စစ်ဘက် တရားရေး အရာရှိကြီးနှစ်ဦး အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ ကွန်ဂိုနိုင်ငံအနောက်တောင်ပိုင်း ကစ်ဝစ်မြို့မှ မြို့တော် ကင်ရှာဆာကို ပျံ သန်းစဉ် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တာပါ။ လေယာဉ်ဟာ ကွမ်ဂိုပြည်နယ်၊ ကင်းဂဲမြို့မှာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြည် နယ် ဒုတိယအုပ်ချုပ်ရေးမှူး ရီမီဆာကီဘိုကင်ဒါက ပြောပါတယ်။
ကင်းဂဲမြို့မှာ လေယာဉ်ပြေးလမ်း မရှိတာကြောင့် လေယာဉ်ဟာ လူနေရပ်ကွက်အတွင်း ပျက်ကျ ခဲ့တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာ ကွန်ဂိုစစ်တပ် စာရင်းစစ်ချုပ် ဗိုလ်ချုပ်ကြီး လီကူလီယာဘာကူမီ အပါအဝင် ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးတဦးနဲ့ အခြား စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အရပ်သားတွေ လိုက်ပါခဲ့ပါတယ်။
သတင်းတွေမှာတော့ လေယာဉ်ပျက်ကျမှုကြောင့် စစ်ဘက်အရာရှိ ၃ ဦး အပါအဝင် ၁၃ ဦး သေဆုံး ခဲ့တယ်လို့ ဖော်ပြပါတယ်။
လေယာဉ်ပေါ်ပါလာသူ အားလုံး သေဆုံးခဲ့ပြီး ၁၂ ဦးမှာ မီးလောင်ကျွမ်းခဲ့တာကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရခက်ခဲခဲ့တယ်လို့ ဘိုကင်ဒါက ဆိုပါတယ်။ လေယာဉ်မှူးရဲ့ ရုပ်အလောင်းကိုတော့ လေယာဉ်အပြင်ဘက်မှာ သေဆုံးလျက် အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကွန်ဂိုနိုင်ငံ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့က လေယာဉ်ပျက်ကျ ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေ လိုက်ပါလာတဲ့ အဆိုပါ လေယာဉ်ပျက်ကျမှုဟာ ကွန်ဂို စစ်ဘက်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။
News: Reuters
Ref; DRC plane crash kills 17, including two of the country’s most senior military official