ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသောထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ( အပြည်ပြည်ဆိုင်ရာ)လေဆိပ် နှင့် ဒွန်းမောင်းလေဆိပ်၌ လေယာဉ်ပြေးလမ်းပေါ်တွင်ရေလျှံနေသော်လည်း လေဆိပ်နှစ်ခုကို ပုံမှန်အတိုင်းဖွင့်လှစ်ထားကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။
ဒွန်မောင်း လေဆိပ်တွင် လေယာဉ်ပြေးလမ်းအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လေကြောင်းခရီးစဉ်အချို့ ကြန့်ကြာမှုများ ရှိနေသော်လည်း သုဝဏ္ဏဘူမိ (Suvarnabhumi) နှင့် ဒွန်မောင်း လေဆိပ်နှစ်ခုစလုံးကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးပေါ်ရေဘေးတုံ့ပြန်ရေးအဖွဲ့ထူလိုက်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားသည်။
အဆိုပါ ဗဟိုဌာနသည် ဝန်ကြီးဌာနလက်အောက်ရှိ လမ်းကြောင်း၊ ရထား၊ ရေကြောင်းနှင့် လေကြောင်း ပို့ဆောင်ရေးအဖွဲ့အစည်းအားလုံး၏ သတင်းအချက်အလက်များကို မျှဝေရန်နှင့် အရင်းအမြစ်များကို ပေါင်းစပ်ညှိနှိုင်းပေးမည့် ကွပ်ကဲရေးဗဟိုဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၄ နာရီပတ်လုံး မနားတမ်း လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း The Nation Thailand သတင်းတွင်ဖော်ပြထားသည်။

ထို့ပြင် ခရီးစဉ်အချို့ ကြန့်ကြာမှုများစုပုံဖြစ်ပေါ်ခဲ့သော်လည်း ပုံမှန် ဝန်ဆောင်မှုပေးနေဆဲဖြစ်ပြီး လေဆိပ်နှစ်ခုတွင် သောင်တင်နေသည့် ခရီးသည်များအမြောက်အမြားစုပုံနေခြင်းမရှိသေးကြောင်း တာတန်ရှိသူများက ဆိုသည်။
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဒွန်မောင်းလေဆိပ်၏ တောင်ဘက် လေယာဉ်ပြေးလမ်း အစိတ်အပိုင်းအချို့ပေါ်သို့ ရေများ စီးဝင်ခဲ့သည်။
ယင်းရေကြီးမှုမှာ လေဆိပ်တစ်ခုလုံး၏ ပုံမှန်လည်ပတ်မှုအပေါ် သက်ရောက်မှုမရှိဘဲ လေယာဉ်များ ပုံမှန် အတက်အဆင်း ပြုလုပ်နိုင်ဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဘန်ကောက်မြို့၏ ခရိုင် (၅၀) လုံးကို ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ဒေသများအဖြစ် သတ်မှတ်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်