ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

 

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ရွေးတုအစိုးရတပ်မှ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ငါးလုံး ထိခိုက်ပျက်စီးသွားကြောင်း မြို့နယ် လူသားစာနာဘေးစီမံဌာန က ထုတ်ပြန်ထားသည်။

 

ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ ရွေးတုအစိုးရတပ်က ယနေ့ စက်တင်ဘာ ၂၆ ရက်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

“တိုက်ပွဲမရှိပေမဲ့ ကန်ပက်လက်ဘက်ကို လေယာဥ်က နေ့တိုင်းနီးပါးတက်တယ်။ ဒီနေ့ ရွာတစ်ရွာကို ဗုံး နှစ်ကြိမ် ကြဲသွားပါတယ်။ ထိခိုက်ပျက်စီးမှုရှိတယ်”ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး ကျေးရွာ အရပ်သားများ၏ နေအိမ် ငါး လုံးမှာ လုံးဝ ပျက်စီးသွားကာ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များလည်းရှိကြောင်း သိရသည်။

 

ထို့ကြောင့် မြို့နယ် လူသားစာနာ ဘေးစီမံဌာနက ပြည်သူများအနေဖြင့် ရွေးတုအစိုးရတပ်၏ လေကြောင်းအန္တရာယ်ကို သတိကြရန်နှင့် ပုန်းခိုကျင်းများ မဖြစ်မနေ တူးထားကြရန် တိုက်တွန်းထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို ရွေးတုအစိုးရတပ်မှ တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။