နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်သို့ တက်လာသည့် ကုန်ကားများကို တားဆီး၍ စစ်မှုထမ်းရန် အာဏာသိမ်း ရွေးတုအစိုးရ လက်အောက်ခံ ဒုမြို့နယ်ထွေအုပ် ဦးဆောင်အဖွဲ့မှ ဖမ်းဆီးသွားပြီး ငွေကျပ်သိန်း ၄၀၀ ကျော်နှင့် လူစားထိုး တစ်ဦး ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လေရှီးမြို့နယ်ရှိ ဒုမြို့နယ်ထွေအုပ်ဖြစ်သူ အောင်ချမ်း(နန်းယွန်း) ဆိုသူ ဦးဆောင်၍ ဒုရဲအုပ် ဂျော့စိုင်း(ပန်ဆပ်) ပါဝင်သောအဖွဲ့သည် ပြီးခဲ့သော စက်တင်ဘာ ၂၃ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က ဆွမ္မရာမြို့မှ ထွက်ခွာလာသည့် ကုန်ကားများကို စစ်ဆေးစရာ ရှိသည်ဟုဆိုကာ တားဆီး၍ ထိုကဲ့သို့ ဖမ်းဆီးငွေညှစ်ခြင်းဖြစ်သည်။

“ကုန်ကားတွေ တက်လာတဲ့အခါမှာ ကုန်ပစ္စည်း အမျိုးအမည်တွေ စစ်ချင်တယ်ဆိုပြီး ဒုမြို့နယ်မှူးက စစ်မှုထမ်းအတွက် ဖမ်းထားလိုက်တယ်။ မှတ်ပုံတင်တွေနဲ့ ဖုန်းတွေ သိမ်းတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်” ဟု ကုန်ကားပိုင်ရှင်များနှင့် ခင်မင်ရင်းနှီးသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေသတွင်း ပုံမှန်ပို့ဆောင်နေသည့် ခရီးသည်လူငယ်တချို့ လိုက်ပါလာသော ကုန်ကား ကိုးစီးနှင့် ကုန်ကားသီးသန့် တစ် စီး စုစုပေါင်း ၁၀ စီးကို ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်းဖြစ်သူ ဦးရှီးသီး၏ အိမ်ရှေ့၌ စစ်ဆေးဖမ်းဆီးသဖြင့် ၎င်းပါဝင်ပတ်သက်မှု ရှိနေနိုင်ကြောင်း ဒေသခံတချို့ထံက သိရသည်။

ယာဉ်မောင်းအပါအဝင် လူငယ် ၁၁ ဦး ဖမ်းဆီးခံလိုက်ရပြီး လေရှီးမြို့ပေါ်ရှိ တန်ကွန်လူမျိုး အကြီးအကဲများမှ အတိုက်အခံလုပ်ကာ ခက်ခက်ခဲခဲ လိုက်ပါဆောင်ရွက်ပေးသဖြင့် အဆိုပါည၌ပင် သိမ်းထားသော ပစ္စည်းများနှင့် ကုန်ကားများမှလွဲ၍ လူပြန်‌လွတ်ပေးခဲ့ကြောင်း သိရသည်။

“အပေးအယူကတော့ လူပြေးတဲ့ကားနဲ့ မပြေးကားပေါ် မူတည်ပြီး ပေးရတာ။ ပြီးတော့ စစ်မှုထမ်းအတွက် လူတောင်းတယ်။ လူအစားထိုး မရမခြင်း မှတ်ပုံတင်ရော၊ ဖုန်းရော၊ ကားရော၊ ကုန်ပစ္စည်းတွေရော မပေးဘူးလို့ အကြပ်ကိုင်တယ်” ဟု ကုန်ကားပိုင်ရှင်များနှင့် ခင်မင်ရင်းနှီးသူတစ်ဦးက ဆက်လက်ပြောသည်။

အာဏာသိမ်း ရွေးတုအစိုးရ လက်အောက်ခံ လေရှီးမြို့နယ်ရှိ ဒုမြို့နယ်ထွေအုပ် အောင်ချမ်း(နန်းယွန်း) ဆိုသူက လူထွက်ပြေးသည့် ကုန်ကားများကို တစ်စီးလျှင် ငွေကျပ် ၄၅ သိန်းနှင့် လူမပြေးသော ကုန်ကားများအား တစ်စီးလျှင် ငွေကျပ် ၄၀ သိန်း စုစုပေါင်း သိန်း ၄၀၀ ကျော်အထိ ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်မှုထမ်းရန် လူစားထိုးတစ်ဦး တောင်းခံသောကြောင့် ထိုအတွက် လိုက်လံရှာဖွေရာ နောက်ဆုံး၌ ငွေကျပ် ၃၅၀ သိန်းဖြင့် ဝယ်ယူရရှိ၍ ပေး‌လိုက်သော်လည်း ကုန်ကားများကိုမူ ယနေ့စက်တင်ဘာ ၂၆ ရက်၊ နေလယ်ပိုင်းတွင်သာ ပြန်ထုတ်ပေးခဲ့ကြောင်း ကုန်ကားပိုင်ရှင်များနှင့် ခင်မင်ရင်းနှီးသူများထံက သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရပြီး ရက်အတော်ကြာ ထိန်းချုပ်ထားသောကြောင့် ကုန်ပစ္စည်းများ ပျက်စီးမှုများရှိကာ ကုန်ပိုင်ရှင်များအနေဖြင့် ငွေကျပ်သိန်းရာချီ ဆုံးရှုံးသွားသလို ဒေသတွင်း၌လည်း စစ်မှုထမ်းအကြောင်းပြ လူငယ်များအား ရွေးတုအစိုးရနှင့် လက်အောက်ခံအဖွဲ့များက ဖမ်းဆီးငွေညှစ် ထင်ရာစိုင်းနေကြောင်း သိရသည်။

ဓာတ်ပုံ- လေရှီးမြို့နယ်၊ ဒုမြို့နယ်ထွေအုပ်ဖြစ်သူ အောင်ချမ်း(နန်းယွန်း) ဆိုသူ