ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
အာဏာသိမ်းစစ်တပ်အတွင်း ခင်ပွန်း၏ အရှိန်အဝါကို အသုံးပြု၍ တပ်တွင်းကိစ္စရပ်များ၌ ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ကြရန် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လူသိရှင်ကြား သတိ ပေး ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ အရာရှိများနှင့် တွေ့ဆုံစဉ် ၎င်းက တပ်ထဲတွင် လိုက်ပါနေထိုင်သည့် အရာရှိဇနီးများအနေဖြင့် ခင်ပွန်းဖြစ်သူ၏ တာဝန်ထမ်းဆောင်မှုကို ကူညီပံ့ပိုးရန်သာဖြစ်ပြီး တပ်တွင်း အုပ်ချုပ်ရေးနှင့် လုပ်ငန်းကိစ္စရပ်များ၌ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြင်းထန်စွာ သတိပေးခဲ့ခြင်းဖြစ်သည်။
စစ်တပ်အတွင်း အရာရှိကတော်များသည် တပ်ရင်း/တပ်ဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေး၊ ရာထူးနေရာပြောင်းရွှေ့ရေးနှင့် တပ်တွင်းစီမံခန့်ခွဲမှုများအထိ ခင်ပွန်းထက်ပင် ဩဇာညောင်းကာ ပါဝင်စွက်ဖက်လေ့ရှိသည့် အစဉ်အလာရှိခဲ့သော်လည်း ယခင်စစ်ခေါင်းဆောင် အဆက်ဆက်က ယခုကဲ့သို့ လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အရာရှိဇနီးများကို စွက်ဖက်မှုမလုပ်ရန် သတိပေးခဲ့သည့်တိုင် အသက်အရွယ် အပိုင်းအခြားကို အဓိကမထားဘဲ တပ်မှူးနှင့် တပ်မှူးဇနီးတို့သည် တပ်၏ အမိအဖသဖွယ် ဖြစ်သည့်အတွက် တပ်စခန်းများ၌ အတူ တကွ လိုက်ပါနေထိုင်ရန် လိုအပ်ကြောင်းလည်း ထည့် သွင်းပြောဆိုခဲ့သည်။
ထို့အပြင် တပ်အတွင်း သစ္စာဖောက်မှု၊ စစ်ဆင်ရေးဆိုင်ရာ ပျက်ကွက်မှုနှင့် မူးယစ်ဆေးဝါး ပတ်သက်မှုများကို လုံးဝခွင့်မလွှတ်ဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးခဲ့သလို တပ်မတော်သားများအနေဖြင့် မိမိတို့ တာဝန်ကျရာ မည်သည့်နေရာမဆို သွားရောက်ထမ်းဆောင်နိုင်ရေး အမြဲအသင့်ဖြစ်နေရမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။