ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာရွာတွင် စားအုန်းဆီခွဲတမ်းများကို ပြည်သူများထံ အပြည့်အဝမရောင်းချဘဲ ပြင်ပသို့ မှောင်ခိုထုတ်ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်ပင်သာရွာရှိ ဦးဇော်ဝင်း၊ ဒေါ်နှင်းယုဝေ (အရက်၊ ဘီယာနှင့် ကုန်စုံဆိုင်) အနေဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းကာ စားအုန်းဆီခွဲတမ်းများကို ပြင်ပသို့ မှောင်ခို ခိုးထုတ်ရောင်းချနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။
“တကယ်တော့ သူတို့က ဘေးဆိုင်တွေနဲ့ အပြင်ကို ပေါက်ဈေးနဲ့ ခိုးထုတ်ရောင်းနေကြတာ။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေကျတော့ ခွဲတမ်းနဲ့တောင် ဝယ်မစားရဘူး ဖြစ်နေတယ်” ဟု စားအုန်းဆီတန်းစီသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါခွဲတမ်းဆီကို တစ်ပိဿာလျှင် ကျပ် ၉,၅၀၀ နှုန်းဖြင့် ပြည်သူအချို့ကိုသာ အနည်းငယ်ရောင်းချပေးပြီး ကျန်ဆီအများစုကို ပြင်ပပေါက်ဈေးဖြင့် မှောင်ခိုထုတ်ရောင်းနေသဖြင့် ဒေသခံအများအပြား ဆီဝယ်ယူခွင့် မရရှိကြပေ။
ကုန်ဈေးနှုန်းမြင့်တက်နေချိန်တွင် စားအုန်းဆီများကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ဆောင်နေမှုအပေါ် အုပ်ချုပ်ရေးနဲ့အဖွဲ့ကို ရွေးတုအစိုးရမှ စီစစ်အရေးယူပေးရန်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကိုသာ အဓိကထားစားသုံးနေရသော်လည်း ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့မှာ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ် ညီမျှမှုမရှိခြင်းကြောင့် ပြည်တွင်းဖြစ်ဆီများကို အပြည့်အဝ အသုံးမပြုနိုင်သေးကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်က စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇,၁၇၉ ဖြစ် ကြောင်း ရွေးတုအစိုးရလက်အောက်ခံ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသော်လည်း လက်ရှိ ပြင်ပပေါက်စျေးမှာ ၁၇,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ် အတွင်းရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။