ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

 

ဩစတြီးယားအခြေစိုက် Diamond Aircraft Industries က စစ်တပ်ထံ လေယာဉ်များနှင့်ဆက်စပ်ပစ္စည်းများအပါအဝင်နည်းပညာများရောင်းချမှုကြောင့် ဥရောပသမဂ္ဂတရားရုံး( CJEU)၌ အမှုရင်ဆိုင်နေရသည့်လေယာဉ်အမှုတွင် အရပ်ဘက် – စစ်ဘက် နှစ်မျိုးသုံးအယူအဆကိုကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ရန်လိုကြောင်း CJEU ၏ ဥပဒေအကြံပေးချုပ် Tamara Capeta က ပြောကြားကြောင်းသိရသည်။

 

ဥရောပသမဂ္ဂတရားရုံး ( CJEU) ၏ ဥပဒေအကြံပေးချုပ် Tamara Capeta သည် ဩစတြီးယား လေယာဉ်ထုတ်ရေးကုမ္ပဏီတစ်ခုက မြန်မာလေတပ်ထံလေယာဉ်များ၊ ဆက်စက်ပစ္စည်းများအပါအဝင် နည်းပညာများတင်ပို့ရောင်းချခဲ့မှုနှင့်ပတ်သက်ပြီး ယင်းကဲ့သို့သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

 

စစ်တပ်က အရပ်ဘက်သုံးလေယာဉ်များနှင့်နည်းပညာများကို စစ်ရေးတွင်သုံးသဖြင့် EU ၏ အရပ်ဘက် – စစ်ဘက်နှစ်မျိုးသုံးပစ္စည်းဆိုင်ပြဋ္ဌာန်းချက်ဖြင့်အကျုံးဝင်‌ကြောင်း EU ဥပဒေအရာရှိ Tamara Capeta ဆိုသည်။

Diamond Aircraft Industries မှ DART – 450 လေယာဉ်များနှင့် ဆက်စပ်စနစ်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ နည်းပညာများမြန်မာ့လေတပ်ထံတင်ပို့မှုများရှိကြောင်း Justic For Myanmar က ထုတ်ပြန်ထားသည်။

 

အဆိုပါလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ၏ အမည်ကိုတရားရုံးကဖော်ပြထားခြင်းမရှိသော်လည်း Diamond Aircraft Industries ဖြစ်ကြောင်း ဩစတြီးယားနိုင်ငံ စီးပွားရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရကြောင်း Justic For Myanmar က ဖော်ပြထားသည်။

 

အဆိုပါအချက်အလက်များအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ မြန်မာနိုင်ငံအတွက် လေကြောင်းဆိုင်ရာအရပ်ဘက် – စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတင်ပို့ခွင့်လိုင်စင်တစ်ခုတည်းကိုသာခွင့်ပြုထားကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကုမ္ပဏီသည် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့လေယာဉ်နှင့်ဆက်စပ်ပစ္စည်းများတင်ပို့ခွင့်ရရန်အတွက် ဩစတြီးယားအာဏာပိုင်များထံတောင်းဆိုရာတွင်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

 

ယင်းပစ္စည်းများသည် EU ၏ အရပ်ဘက်- စစ်ဘက်နှစ်မျိုးသုံးပစ္စည်းဆိုင်ရာပြဋ္ဌာန်းချက်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင်အကြုံးဝင်၍ ပိတ်ပင်ထားခြင်းဖြစ်သည်။

 

အဆိုပါ လေယာဉ် DART – 450 သည် အခြေခံလေယာဉ်မှူးသင်တန်းအတွက်ဒီဇိုင်းထုတ်ထားပြီး ထိုင်ခုံနှစ်ခုပါ အရပ်ဘက်လေယာဉ်တစ်မျိူးဖြစ်ပြီး စစ်တပ်ကဝေဟင်ကင်းထောက်လုပ်ငန်းများအတွက်အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် Diamond Aircraft Industries သည် တင်ပို့ခွင့်လိုင်စင်ငြင်းပယ်ခံရမှုအတွက် ဩစတြေီးယားဖက်ဒရယ်အုပ်ချုပ်ရေးတရားရုံးတွင်အယူခံဝင်ပြီးနောက် ယင်းတရားရုံးက ၂၀၂၅ ခုနှစ်တွင် ဥရောပသမဂ္ဂတရားရုံး ( CJEU) ထံလွှဲပြောင်းပေးခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဩစတြီးယားနိုင်ငံမှထုတ်ပေးသောတင်ပို့ခွင့်လိုင်စင်ဖြင့်မြန်မာနိုင်ငံသို့တင်ပို့ခဲ့ပြီး ယခု မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်း၌ DART – 450 လေယာဉ်များထုတ်လုပ်တပ်ဆင်နိုင်ရေးအတွက် နည်းပညာလွှဲပြောင်းပေးသည့်အစီအစဉ်ပါဝင်ကြောင်းသိရသည်။

 

ဓာတ်ပုံ – ရွေးတုစစ်တပ်၊ JFM