ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

 

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းစစ်ဆင်ရေး နည်းပညာ သင်တန်း ပေးမှုနဲ့ ဖမ်းဆီးထားတဲ့ ယူကရိန်းနိုင်ငံသား ခြောက် ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို အိန္ဒိယအစိုးရက ပြန် လွှတ်ကာ အိမ်ပြန်ခွင့်ပြုလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လအတွင်း အိန္ဒိယ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေး အေဂျင်စီ (NIA) က အမေရိကန် ရုပ်ရှင်ဒါရိုက်တာ မက်သယူးဗန်ဒိုက် အပါအဝင် ယူကရိန်းနိုင်ငံသားတွေကို အိန္ဒိယ လေဆိပ်အသီးသီးမှာ ဖမ်းဆီးခဲ့တာပါ။

 

၎င်းတို့ဟာ လိုအပ်တဲ့ ခွင့်ပြုမိန့်မပါဘဲ အိန္ဒိယ အရှေ့ဘက်နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး တိုင်းရင်းသားတပ်ဖွဲ့တွေကို ဒရုန်းတပ်ဆင်နည်းနဲ့ နည်းဗျူဟာတွေ သင်တန်းပေးခဲ့ကြောင်း အိန္ဒိယက စွပ်စွဲထားပါတယ်။

ဒေလီတရားရုံးက ကြာသပတေးနေ့မှာ ၎င်းတို့ကို အာမခံပေးလိုက်ပြီး မိခင်နိုင်ငံများသို့ တစ်လ ကြာ ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

 

အစပိုင်းမှာ အိန္ဒိယ အာဏာပိုင်တွေက အဆိုပါနိုင်ငံခြား သားတွေကို တင်းကြပ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့တာပါ။

 

နောက်ပိုင်းမှာ ၎င်းတို့ရဲ့လုပ်ရပ်ဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေကို ထိခိုက်စေတဲ့ သက်သေမရှိဟုဆိုကာ အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို လျှော့ချခဲ့ပါတယ်။

 

၎င်းတို့အဖွဲ့ဟာ ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စင်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း အိန္ဒိယက သတင်းရထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံသားတွေဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာပြီး မီဇိုရမ် ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ခိုးဝင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းသင်တန်းပေးခဲ့ တာပါ။

 

မက်သယူးဗန်ဒိုက်ဟာ ယခင်က လစ်ဗျားစစ်ပွဲမှာ သူပုန်တပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ဖူးပြီး Sons of Liberty International အဖွဲ့ကို ထူထောင်ကာ စစ်ပွဲဖြစ်ပွားရာ ဒေသတွေရှိ လက်နက်ကိုင်တပ် ဖွဲ့တွေကို စစ်သင်တန်းတွေ ပေးလေ့ရှိသူ ဖြစ်ပါတယ်။

 

အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများကို လျှော့ချပေးခဲ့ပေမယ့် NIA အနေနဲ့ ပုဒ်မအချို့အတွက် စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် အိန္ဒိယနယ်စပ်ကို အသုံးပြုပြီး မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေး နည်းပညာ ပံ့ပိုးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေရဲ့ အခန်းကဏ္ဍ ထင်ရှားစွာ ပေါ်ထွက်လာခဲ့တာပါ။

 

News: The Independent
Ref; India allows Ukrainians and American accused of training Myanmar insurgents to go home