ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် မြို့နယ်ငါးမြို့နယ်တွင် ရေဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး အချို့နေရာများတွင်ရေပြန်လည်ကျဆင်သွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

 

ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအချို့တို့တွင်ရေဝင်ရောက်နေဆဲဖြစ်ကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

“ လမ်းမကြီးဘေးက အိမ်ဝင်းထဲမှာရေကျန်သေးတယ်။ ဒူးဆစ်လောက်ရှိတယ်။ အခြားနေရာတွေမှာလည်းရေကျန်သေးတယ်။ ရေလှူတာတွေရှိတယ်။ အခြားလှူဒါန်းတာတွေတော့မရှိတော့ဘူး။ အချို့နေရာတွေမှာလည်း ရေစုပ်စက်နဲ့‌ ရေစုပ်ထုတ်တာရှိတယ်။ လေးမျက်နှာနဲ့ အိုင်သပြုလမ်းက ကားသွားလို့ရပြီ” ဟု လေးမျက်နှာဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင်လေးမျက်နှာမြို့အတွင်း ရေကျသွားသော်လည်းဘုန်းကြီးကျောင်းများအပါအဝင် လူနေအိမ်များထဲတွင် နုန်းများပြည့်လျှံနေသဖြင့်သန့်ရှင်းရေးလုပ်ကိုင်နေကြရပြီးပြန်လည်ထူထောင်ရေးကိုအားတင်း လုပ်ဆောင်နေရကြောင်း၊ ရေမလွတ်သေးသည့်နေရာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ဆိုသည်။

 

လေးမျက်နှာမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းသွားသည့်နေရာများမှ ယာယီပိတ်ထားခဲ့ရသော အခြေခံပညာကျောင်း ၃၉ ကျောင်းအနက် ၂၄ ကျောင်းကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ရေကြီးမှုဖြစ်ခဲ့သည့် ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်း ၂၂ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ကျောင်းများအားလုံးပုံမှန်ပြန်လည်ဖွင့်လှစ်နေကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားသော မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံများပူးပေါင်းပြီး ဖယ်ရှားရှင်းလင်းနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်တွင်ပေ ၂၀၀ ကျော်ကျိုးပေါက်သွားသော ငဝန်ရေကာတာကို စက်တင်ဘာ ၂၂ ရက်က ရေဝင်လမ်းကြောင်းအပြီးသတ်ပိတ်ဆို့နိုင်ရေးအတွက် sheet pile များအားလုံးရိုက်သွင်းနိုင်ပြီဖြစ်ပြီး ယင်းတိုင်များခိုင်ခံစေရန် Geobags အိတ်များချခြင်း၊(Jumbo Bag အိတ်များချခြင်းဆက်လက်လုပ်ဆောင်နေကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ရွေးတုအစိုးရ၊ လူမှုကွန်ရက်