ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ကြက်သွန်ကွင်း – သဲဖြူ – မကျီးဇင် လမ်းပေါ်ရှိ သာပေါင်းလေး၊ ကင်ပွန်းချဥ်၊ သဲဖြူ စသည့် ဒေသများတွင် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်များ နှင့် စစ်တပ်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
ဂွမြို့အထိ ထိုးဖောက်ဝင်ရောက်ရန် စစ်ဆင်ရေးတစ်ရပ်အဖြစ် အထက်အဆင့်ဆင့်မှ အမိန့်ပေးထားသဖြင့် စစ်တပ်က စစ်မှုထမ်းတပ်သားသစ် (ပစ) အင်အားအများစုနှင့် ကင်ပွန်းချဥ်ရှေ့သို့ ထိုးဖောက်လာစဉ် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်နေ့များက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ရှေ့တိုးချီတက်ခဲ့သော်လည်း AA နှင့် ပူးပေါင်းတပ်များ၏ စနစ်တကျ ပြောက်ကျားစစ်ဖြင့် ခုခံခြုံခိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အလောင်း အချို့သာ ကောက်ယူနိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
”စစ်မှုထမ်းတပ်သားသစ်ဆိုတာက ခုမှ သင်တန်းဆင်းလာကြသူတွေ၊ ဘာအတွေ့အကြုံမှ မရှိကြဘူး။ သေနတ်ကို အသုံးပြုရုံလောက်ပဲ တတ်တာ။ ဒါတွေကို ရှေ့ကတက်ခိုင်းပြီး စစ်အတွေ့အကြုံရှိသူတွေက နောက်ကနေ အတင်းတက်ခိုင်းနေကြတာ။ သေတော့လည်း စစ်မှုထမ်းတပ်သားသစ်တွေပဲ သေကြတာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စစ်တပ်ဘက်မှ စစ်မှုထမ်းတပ်သားသစ်များသာမက အရာရှိအဆင့်များလည်း ရှင်းလင်းခံခဲ့ရပြီး ၎င်းတို့အနက်မှ သုံးဦးမှာ ပုသိမ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။
စစ်တပ်ဘက်မှ ဒဏ်ရာရလူနာများကို ဒေသတွင်း ပြည်သူများ မမြင်နိုင်စေရန် ညအချိန် မီးဖြတ်၍ ကားအပြောင်းအလဲလုပ်ကာ ပုသိမ်ဘက်သို့ ပို့ဆောင်ခဲ့သော်လည်း အချိန်ကြန့်ကြာခဲ့သဖြင့် အချို့မှာ လမ်းခုလတ်တွင် သေဆုံးခြင်းဖြစ်သည်။
AA နှင့် ပူးပေါင်းတပ်များက တိုက်ပွဲဖြစ်ပွားရာ နယ်မြေအား ရှင်းလင်းစဉ် စစ်တပ်ဘက်မှ စွန့်လွှတ်ခဲ့သော လက်နက်ခဲယမ်းများနှင့် အလောင်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့တွင်လည်း စစ်တပ်ဘက်မှ ဖောကားလေးစီး၊ အရပ်ဘက်ဆယ်ဘီးကား နှစ်စီးတို့ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရပြီး ကျန်ရှိသောရက်များအတွင်း ခမရ (၃၀၈) မှ သေဆုံးသူ ၁၆ ဦးခန့်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။