တကျော့ပြန်ကိုဗစ်လှိုင်းအတွက် ရောဂါကာကွယ်ဖို့ မျက်နှာချင်းဆိုင် စားသောက်တာမလုပ်ဖို့ စစ်ကောင်စီ အမိန့်ထုတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

စစ်အာဏာသိမ်းမှုအပြီး ၁ ခွဲကျော်ကာလမှာ ပြန်လည်ဖြစ်ပွားမှုနှုန်းများလာတဲ့ တကျော့ပြန် ကိုဗစ်လှိုင်းအတွက် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ရောဂါကာကွယ်နိုင်ရေးအတွက် လိုက်နာရမယ့်စည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လကုန်ပိုင်းကစတင်ကာ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိနှုန်း နေ့စဉ် ၁၀၀ နီးပါးအနည်းဆုံး ရှိလာပြီးနောက်ပိုင်းမှာ ခုလိုမျိုး ရောဂါကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်းချက် အချက် ၁၂ ချက်ကို ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေအများစုကတော့ စစ်အာဏာမသိမ်းခင်က အရပ်သားအစိုးရလက်ထက် မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအများဆုံးပါဝင်နေတာတွေရပါတယ်။

“ ဒါကတော့ ဘယ်အစိုးရဖြစ်ဖြစ် ထုတ်ရမှာပဲလေ တစ်ခုပဲ ထုတ်တဲ့ စည်းကမ်းချက်တွေကို ပြည်သူက အမှန် တကယ်လိုက်နာနိုင်မှ ဒါကအကျိုးရှိမယ် အရူးချီးပန်းလျှောက်လုပ်နေလို့တော့ မရဘူး”လို့ CDM ဆရာဝန် တဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ရောဂါကာကွယ်ရေး စည်းကမ်း ချက်တွေထဲမှာ အလုံပိတ်ထဲမှာ လူအများအတူရှိမနေဖို့နဲ့ အတူစုဖွဲ့စားသောက်တာတွေ မျက်နှာချင်းဆိုင် စားသောက်တာတွေနဲ့ စားသောက်နေချိန်မှာ စကားမပြောဖို့ စတဲ့စည်းကမ်းချက်တွေက ဟာသ သဘောမျိုး ဖြစ်နေတယ်လို့ လူငယ်တွေက ပြောပါတယ်။

“ သေချာစဉ်းစားကြည့်ရင် ဟာသလိုဖြစ်နေတယ် အခန်းထဲ လူအများကြီးနဲ့မနေရဘူးဆိုတော့ ကောင်မလေးနဲ့ နှစ်ယောက်ထဲနေရမလို ၂ ယောက်ထဲ ချိန်းသောက်ရမလို့ တစ်ခုခုစားရင် အနေတဲ့သူတွေလို့ စားရမလို ဖြစ်နေတယ်”လို့ ဧရာဝတီတိုင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ပြန်လည်ဖြစ်ပွားမှုများပြားလာတဲ့ တကျော့ပြန်ကိုဗစ်လှိုင်းကြောင့် အတည်ပြုလူနာ နေ့စဉ် ရာချီတွေ့ရှိနေပြီ သေဆုံးမှုနှုန်းမြင့်တက်နေချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှုတွေ ကိုလည်း ပုံစံပြောင်းပြီး ရုတ်တရက် အများပြည်သူနားမလည်နိုင်အောင် ပုံစံပြောင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

တကျော့ပြန်ကိုဗစ်လှိုင်းဖြစ်ပွားနေချိန်မှာ စစ်ကောင်စီက ပွဲလမ်းသဘင်တွေ အရင်လိုဆက်လက်လုပ်နေရင် အစုလိုက် အပြုံလိုက် ရောဂါတွေ့ရှိတာတွေ ရှိလာနိုင်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။