
စစ်ကောင်စီခန့် ပုသိမ်မြို့နယ် စည်ပင်ဥက္ကဌ နေအိမ်အနီးဗုံးပေါက်ကွဲပြီးနောက်ပိုင်း CCTV များ တပ်ဆင်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်ခန့်အချိန်က အမှတ် (၅) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးလမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း လမ်းထဲမှာ နေထိုင်တဲ့ စည်ပင်ကော်မတီဥက္ကဌရဲ့နေအိမ်မှာ CCTVများ တပ်ဆင်နေတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
“ပေါက်တဲ့နေရာက အုပ်ချုပ်ရေးမှူးရုံးရယ်။ ရဲလိုင်းခန်းရယ်၊ စည်ပင်ဥက္ကဌရယ် ရှိနေတာ ညက ဗုံးက ဘယ်ကိုရည်ရွယ်တာလဲမသိဘူး။ စည်ပင်ဥက္ကဌက သူ့ဖာသူလန့်ပြီး ခုညနေ ၄နာရီမှာ CCTV တွေထတပ်နေတော့တာပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ နေရာမှာ စစ်ကောင်စီခန့် စည်ပင်ကော်မတီဥက္ကဠ ဦးစိုးပိုင်ဆိုသူရဲ့နေအိမ်အနီး၊ အမှတ် ၅ ရပ်ကွက်ရေးမှူးရုံးရဲ့ အရှေ့ဘက်၊ ရဲလိုင်းခန်းရှေ့လမ်းပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး ပုသိမ်ခရိုင်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများဘက်က
စက်တင်ဘာ၁၈ရက်နေ့ထိ သတင်းထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာမရှိသေးပါ။
ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက်ပိုင်း ပုသိမ်နယ်မြေရဲစခန်းမှ ရဲများနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ကာ မိုင်းရှာကိရိယာတွေ အသုံးပြုပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ပုသိမ် #ဗုံးပေါက်ကွဲ #စည်ပင်ဥက္ကဌ #CCTV #Ayeyarwaddy_Times