
ဥက္ကံမြို့မှာတပ်စွဲထားတဲ့ လကတ ၂၀၁၇ တပ်ရင်းက ဗိုလ်မှူးနဲ့တပ်ကြပ်ကြီးကိုင်တဲ့ သေနတ် ၂ လက်ပျောက်နေလို့ အသည်းအသန်ကြိတ်ရှာနေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးတပ်ကသေနတ် ၂ လက် စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီးပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဥက္ကံမြို့၊ကျွန်းတောကုန်းအုပ်စု၊သကြားစက်အနီး
လျှပ်စစ်ဓာတ်အားပေးရုံးမှာတပ်စွဲထားတဲ့ ဥက္ကံမြို့အခြေ စိုက် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၂၀၁၇)တပ်ရင်းက ဗိုလ်မှူးကိုင်ဆောင်တဲ့ ကပစတပ်ထုတ် MA-5 ပစ္စတိုသေနတ် ၁ လက်နဲ့တပ်ကြပ်ကြီးကိုင်ဆောင်တဲ့ MA- 3 ချေမှုန်းရေးရိုင်ဖယ် ၁ လက် စုစုပေါင်း ၂ လက်ပျောက်ဆုံးနေတာလို့သိရပါတယ်။
အဲ့ဒီတပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေ ပျောက်ဆုံးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ဥက္ကံမြို့နယ်အတွင်း အမှိုက်ပုံတွေအပါအဝင်နေရာအနှံ့ လှည့်ပတ်ရှာဖွေနေပေမယ့် ဒီကနေ့အထိမတွေ့သေးဘူးလို့ မြို့ခံတဦးကပြောပါတယ်။
” စပျောက်တာက ၁၄ ရက်နေ့ကပေါ့။ သူတို့ကိုယ်တိုင်ကို ဘယ်လိုပျောက်လို့ပျောက်မှန်းမသိဘူး။ အထက်ကိုလည်းမတင်ရဲသေးဘူး။ ဒီနေ့ထိကြိတ်ရှာနေတာ ။ သူတို့စစ်သားတွေလည်းလူစုံတယ်၊ သေနတ်တွေဘဲပျောက်နေတာ၊ သေနတ်ရော ကျည်ဘောက်တွေရော၊ကျည်တွေရောအကုန်ပါသွားတာ။ နေ့တိုင်းရှာနေတာ ရှာတာမှသူတို့ခိုင်းလို့ရတဲ့သူမှန်သမျှကိုခေါ်ပြီး အမှိုက်ပုံတွေမှာရောရှာတာ။ ဘယ်လိုမျိုးလဲဆိုတေ့ာ သေနတ်တွေဖွက်လို့ရနိုင်မယ်၊ ဖွက်ထားနိုင်ဆိုတဲ့နေရာတွေအကုန်လိုက်ရှာနေတာ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဥက္ကံမြို့ခံအမျိုး သားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
လက်နက်ခဲယမ်းပျောက်ဆုံးရင် စစ်တပ်တပ်ရင်းတွေက၎င်းတို့အထက်ဌာနတွေကို အချိန်နဲ့တပြေးညီတင်ပြရတာဖြစ်ပြီး ပြန်မတွေ့တာမျိုးဆိုရင် စုံ၊ခုံဖွဲ့စစ်ဆေးကာ စစ်တရားရုံးအပေါ်မူတည်ပြီးထောင်ကျ၊ထုတ်ပယ်ပြစ် ဒဏ်ချမှတ်ခံရနိုင်တယ်လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။
” လက်နက်ခဲယမ်းပျောက်တယ်ဆိုရင် သူတို့ကွပ်ကဲမှုတိုင်း၊တပ်မ၊ဌာနချုပ်တွေကို ချက်ချင်းတင်ပြရတယ်။ ကိုယ်ကိုင်နေတဲ့သေနတ်ပါပျောက်တာဆိုတော့ အမှုကပိုကြီးတယ်၊ ကြိတ်ရှာနေတာတော့ပြန်တွေ့ရင်ကောင်းတာပေါ့၊ ပြန်မတွေ့ရင် ထိန်ချန်တာပါ တမှုထပ်တိုးမှာ။ လက်နက်ပျောက်တာက အရင်ကလုပ်ထုံးလုပ်နည်းက စုံ၊ခုံဖွဲ့တယ်၊ နောက်စစ်တရားရုံးပေါ်မူတည်ပြီး လက်နက်တန်ဖိုး ၃ ဆ ပေးလျော်ရတယ်ပြီးရင် ထောင်ချ၊ထုတ် ပယ်ပေါ့ ” လို့ CDM တပ်မတော်သားအရာရှိတဦးကပြောပါတယ်။
ဥက္ကံမြို့ အခြေစိုက် လကတ ၂၀၁၇ တပ်ရင်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဥက္ကံမြို့စစ်ကောင်စီကို တာဝန်ယူထားတဲ့တပ်ဖြစ်ပြီး အဲဲ့ဒီတပ်ရင်းကစစ်ကောင်စီတပ် သားတွေဟာ ဒေသခံတွေကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီစစ်ရေးပြအခမ်းအနား(ပုံဟောင်း)။
#AyeyarwaddyTimes