ချောင်းသာကမ်းခြေတွင် ဒေသခံ ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်အား ကားမှ ဝင်တိုက်၍ လူ ၂ ဦး ပွဲချင်းပြီးသေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ဒေသခံ ၃ ဦးစီးနင်းလာသည့် ဆိူင်ကယ်နှင့် ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် ဒေသခံ ၃ ဦးအား Arkar GuestHouse ရှေ့တွင် ဧည့်သည်များမောင်းနှင်လာသည့်ကားမှ ဝင်တိုက်ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးတစ်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းတဲ့ ၃ ယောက်က ဒေသခံတွေပါ။ ဟိုတယ်တွေကို ဟင်းချက်ပြီးလိုက်ပို့တဲ့သူတွေ ဝင်တိုက်တဲ့ကားက ဧည့်သည်တွေမောင်းလာတဲ့ကားဗျ။ ဧည့်သည်တွေက မူးနေတာ။ ရဲတွေရောက်လာပြီး ဖမ်းတာတောင် ဖမ်းလို့ဖမ်းမှန်းမသိဘူး။ တော်တော်မူးနေတာ။ ဒဏ်ရာရတဲ့အမျိုးသမီးကို မနေ့ကချက်ခြင်းပဲ ပုသိမ်ဆေးရုံပို့လိုက်ကြတယ်” ဟု

မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

အဆိုပါ ဒေသခံ ၃ ဦးမှာ ချောင်းသာကမ်းခြေတွင် ဟင်းချက်၍ ဧည့်သည်များထံ လိုက်လံပို့ဆောင်သူများဖြစ်ကြပြီး သေဆုံးသူ အမျိုးသားနှင့် ဒဏ်ရာရသူအမျိုးသမီးမှာလည်း လင်မယားတော်စပ်သူများ​ဖြစ်ကြကြောင်း သိရသည်။

“သေတဲ့တစ်​ယောက်နဲ့ ဆေးရုံတင်လိုက်ရဲ့ မိန်းမနဲ့က လင်မယားတွေ။ သူလည်း အခြေအနေမကောင်းဘူးလို့ကြားတယ်။ အောက်တစ်ပိုင်းသေတယ်လို့လည်း ကြားရတယ်။ သူတို့မှာ ကလေး ၃ ယောက်ကျန်ခဲ့တယ်လို့ သိရတယ်” ဟု ချောင်းသာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယာဥ်တိုက်မှုတွင် အပြင်းအထန်ဒဏ်ရာရရှိသည့် အမျိုးသမီးမှာလည်း လက်ရှိတွင် ပုသိမ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျှက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်များအရ သိရသည်။

ယာဥ်တိုက်မှုကျူးလွန်သည့် ကားနှင့် ယာဥ်မောင်း​ဖြစ်သူတို့အား ချောင်းသာမြို့နယ်​မြေခံရဲခစခန်း၌ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ပေးပို့

#ချောင်းသာကမ်းခြေ #ဆိုင်ကယ် #ကား #ဒေသခံ #သေဆုံး #ဆေးရုံတင်ထားရ

#Ayeyarwaddy_Times