ရေးသူ – စစ်ဝေးသော်
စက်တင်ဘာလ ၁၈ ရက်

“ဒေါက်၊ ဒေါက်၊ ဒေါက်” “ဒုန်း၊ ဒုန်း၊ ဒုန်း”

တံခါးခေါက်သံများနှင့် တံခါးကို ထုနှက်နေသည့်အသံများကြောင့် သူမ လန့်နိုးသွားသည်။

“ကျွန်တော်တို့ စစ်ဆေးစရာရှိလို့ တံခါးဖွင့်ပါ”

ခပ်မာမာ၊ ခပ်ပြတ်ပြတ် ထွက်ပေါ်လာသည့် ယောက်ျားသံကြောင့် သူမနေသော တည်းခိုခန်းသို့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးရေးဝင်ပြီဆိုတာ သိလိုက်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များကြောင့် သူမ တကိုယ်လုံး ထူပူသွားသည်။

ဧရာဝတီတိုင်းမှာနေသော သူမ အလုပ်ကိစ္စဖြင့် ခရီးထွက်လာရာ ယနေ့ပဲ ဒီမြို့ကို (မွန်ပြည်နယ်က မြို့နယ်တစ်ခု) ရောက်သည်။ ခေတ်ပျက်ကြီးထဲ အသိမိတ်ဆွေတွေကို ဒုက္ခမပေးချင်သောကြောင့် တည်းခိုခန်းတစ်ခုမှာ ဝင်တည်းလိုက်သည်။ ရောက်ရောက်ချင်း ခရီးပန်းသဖြင့် အိပ်ပျော်သွားရာမှ ယခု သူမ မမြင်ချင်၊ မတွေ့ချင်၊ ရွံရှာမုန်းတီးလှသည့် စစ်ကောင်စီတပ်၏ ဧည့်စာရင်းစစ်ခြင်းနှင့် တည့်တည့်တိုးတော့သည်။

မြန်မာနိုင်ငံမှာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားနှင့်ရဲတွေသည် ပြည်သူတွေကို နည်းမျိုးစုံဖြင့် အပြစ်ရှာ၊ ဖမ်းဆီးငွေညှစ်နေတာ သူမ အသိဆုံးဖြစ်သည်။ သူမ အသိမိတ်ဆွေ တွေထဲ စစ်သားနှင့်ရဲတွေကို ငွေပေးပြီး အချုပ်ခန်းထဲမှ ပြန်ရွေးခဲ့ရသူ မနည်းလှပေ။

ယခုလည်း သူမအခန်းကို စစ်ဆေးမည်ဆိုသောကြောင့် အမှားအယွင်းတစ်စုံတစ်ရာရှိလျှင် သူမကို ဖမ်းခေါ်သွားကြမည်ဲဖြစ်သည်။ လူမဆန်သော စစ်တပ်လက်ထဲ ကျရောက်မည့်သူမဘဝကို ဆက်မတွေးရဲတော့။ ချက်ခြင်း ကုတင်ပေါ်မှ ကပျာကယာဆင်း၍ တံခါးဖွင့်ပေးလိုက်သည်။

တံခါးဝတွင် ပျောက်ကြားဝတ်စုံများနှင့် စစ်သားတချို့၊ ရဲတချို့နှင့် အရပ်ဝတ် လူတချို့ကို တွေ့ရသည်။

ထိုလူအုပ်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် စစ်ယူနီဖောင်းနှင့်လူက အခန်းထဲကို တချက်ဝေ့ကြည့်သည်။ သူမ အခန်းထဲတွင် အဝတ်အစားထည့်သည့်သေတ္တာမှလွဲ၍ တခြား အထုပ်များ မရှိ။ ထူးထူးခြားခြား စစ်ဆေးစရာ မရှိကြောင်းတွေ့သည့်နောက် ထိုလူဆီက စကားသံတချက် ထွက်လာသည်။

“ခင်ဗျားဖုန်းကို စစ်ချင်တယ်။ ယူလာပေးပါ”

အေးစက်မာကြောစွာ ထွက်ပေါ်လာသည့်ထိုအသံကြောင့် သူမ ခေါင်းနပန်းကြီးသွားသည်။

သူမ ဖုန်းထဲတွင် စစ်ဆေးရေးကြုံခဲ့လျှင် ပြဿနာ မတက်စေရန် NLD ပါတီပုံများ၊ နွေဦးတော်လှန်ရေးပုံများ၊ PDF ပုံများ မရှိအောင် ရှင်းလင်းထားသည်။ Facebook တွင်လည်း နိုင်ငံရေးပို့စ် လုံးဝမတင်ဘဲ သူမ အားပေးသော မန်ယူဘောလုံးအသင်းအကြောင်းတွေသာ ပို့စ်တင်ထားသည်။

သို့သော် သူမ အမေစု (ဒေါ်အောင်ဆန်းစုကြည်) နှင့် ဆုံတွေ့စဉ်က ရိုက်ထားသည့်ဓာတ်ပုံ ၂ ပုံကို မြတ်နိုးလွန်း၍ မဖျက်ရက်ဘဲ ဖုန်းထဲတွင် သိမ်းထားမိခဲ့သည်။

“ဒီပုံတွေတော့ မတွေ့လောက်ပါဘူးလေ”ဟု ဖြည်တွေးပြီး သူမကုတင်ဘေးတင်ထားသောဖုန်းကို ဟန်မပျက် ယူပေးလိုက်သည်။

သူမ ဖုန်းကို ထိုလူက စိတ်ကြိုက်စစ်ဆေးတော့သည်။ သူ၏အသက်က ၅၀ ဝန်းကျင်ခန့် ရှိပြီး အသားခပ်ညိုညိုဖြစ်သည်။ အသက်အရွယ်အရဆိုလျှင် သူမ၏အဖေအရွယ်၊ ဦးလေး အရွယ်ဖြစ်သည်။

သူမ ကုတင်ပေါ်တွင်ထိုင်ရင်း ဖုန်းစစ်ဆေးနေသော ထိုစစ်သားကြီး၏မျက်နှာကို စိုးရိမ်စွာဖြင့် ကြည့်နေမိသည်။ သူမအခြေအနေက တရားသူကြီး၏ အမိန့်ချမှုကို စောင့်ဆိုင်းနေသည့် တရားခံတစ်ဦးသဖွယ် ဖြစ်နေသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်နေပြီး သူမ ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

ဖုန်းကို တချက်ခြင်း ပွတ်ဆွဲ၍ စစ်ဆေးနေစဉ် စစ်သားကြီး၏မျက်နှာ တချက်ပျက်သွားသည်။ ဖုန်းထဲက အမေစု ဓာတ်ပုံ ၂ ပုံ သူတွေ့သွားပြီဆိုတာ သူမ ချက်ခြင်း သဘောပေါက်လိုက်သည်။

စိုးရိမ်စိတ်ဖြင့် သူမ ရင်တွေပူပြီး မွန်းကြပ်နေသည်။

“ထူပူမနေနဲ့။ သူတို့ နင့်ကို ဖမ်းတော့မှာ။ ဘာလုပ်သင့်သလဲ တွေးစမ်း”ဟု သူမ ကိုယ့်ကိုယ်ကို စိတ်ထဲက သတိပေးလိုက်သည်။

“အဖမ်းခံရဖို့ သေချာပြီဆိုမှတော့ အချုပ်ခန်းထဲမှာ နွေးနွေးထွေးထွေးနေရဖို့ ပြင်မှဖြစ်မယ်”ဟု သူမ တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် ကုတင်ပေါ်မှထပြီး အဝတ်အစားသေတ္တာထဲမှ အင်္ကျီ ၁ ထည်ထုတ်ကာ အပေါ်က ထပ်ဝတ်သည်။ ဒါနဲ့ မလုံလောက်သေးဟု ယူဆပြီး အနွေးထည်အပါး ၁ ထည် ထပ်ထုတ်ပြီး ထပ်ဝတ် လိုက်ပြန်သည်။ ပြီးလျှင် ဘောင်းဘီရှည်တုတ်၍ ဝတ်သည်။

ဒီလောက်ဆိုလျှင် အချုပ်ခန်းထဲ၌ ခြင်ကိုက်၊ ဖြုတ်ကိုက် မခံရတော့ဘဲ နွေးနွေးထွေးထွေး နေလို့ရလောက်ပြီဟု သူမ တွေးလိုက်ပြီး လာသမျှဘေး ပြေးတွေ့ဖို့သာ သူမ ဆုံးဖြတ်လိုက်သည်။

ဖုန်းစစ်ဆေးမှု ပြီးသွားဟန်တူသည့် စစ်သားကြီးက သူမ၏ အပြုအမူတွေကို နားမလည်သည့်ပုံစံဖြင့် ကြည့်နေသည်။

ထို့နောက်
“ဟဲ့ ကလေးမ။ ခန လိုက်ခဲ့စမ်း”

ပြောပြောဆိုဆိုနှင့် ထိုလူကြီးသည် တည်းခိုခန်းလျှောက်လမ်းအတိုင်း သူ့လူအုပ်စုနှင့် ဝေးရာသို့ ထွက်သွားသည်။ သူမလည်း မထူးတော့သည့်အခြေအနေမို့ စိတ်ဒုန်းဒုန်းချ၍ နောက်က လိုက်သွားသည်။

သူ့လူတွေ မကြားနိုင်လောက်သောနေရာအရောက်တွင် စစ်သားကြီး ရပ်လိုက်သည်။ ထို့နောက် သူမ ဘက်သို့လှည့်၍

“သမီး နင့်ဖုန်းထဲမှာ ဒေါ်စုကြည့်နဲ့ ရိုက်ထားတဲ့ ၂ ပုံ ငါတွေ့တယ်”

ငြင်းမရတော့ဘဲ လက်ပူးလက်ကြပ်မိနေပြီမို့ သူမလည်း ဝန်ခံလိုက်သည်။

“ဟုတ်၊ ဟုတ်၊ ဟုတ်ပါတယ် ဦးလေး။ အဲဒါကလေ…”

သူမ ရှင်းပြဖို့ ကြိုးစားနေစဉ် စစ်သားကြီးက စကားကို ဖြတ်ပြောလိုက်သည်။

“ဟိုတွေ ဒီတွေ လုပ်မနေနဲ့။ အဲ့ပုံ ၂ ပုံ ဦးလေး ဖျက်ထားလိုက်ပြီ။ နောင်ကို ဒီလိုပုံတွေ ဖုန်းထဲမထားနဲ့။ အန္တရာယ်များတယ်။ ဦးလေးနဲ့တွေ့လို့သာ၊ တခြားအဖွဲ့သာဆို နင့်ကို ဖမ်းခေါ်သွားလိမ့်မယ်။ ရော့ နင့်ဖုန်း ပြန်ယူ။ အခန်းကို ပြန်ပေတော့”

ပြောပြောဆိုဆိုနှင့် စစ်သားကြီးက ဖုန်းကို သူမလက်ထဲ ပြန်ထည့်ပေးပြီး သူ့အဖွဲ့တွေဆီ ပြန်လျှောက်သွားသည်။

“ကဲ ဟေ့ကောင်တွေ ပြန်ကြမယ်။ သူ့ဖုန်း ငါစစ်ပြီးသွားပြီ။ ဘာမှမရှိဘူး”

စကားဆုံးသည်နှင့် တည်းခိုခန်းဝင်ပေါက်ဆီ စစ်သားကြီး လျှောက်သွားသည်။ သူ့အဖွဲ့တွေကလည်း နောက်က လိုက်သွားကြသည်။

သူမ အံ့သြစိတ်ဖြင့် လက်ထဲက ဖုန်းကိုကြည့်ရင်း “ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ယူနီဖောင်းဝတ်တွေထဲမှာ ဒီလို လူစိတ်ရှိသူတချို့တွေ ကျန်နေပါသေးလား”ဟု တွေးနေမိသည်။

(မွန်ပြည်နယ်အတွင်းရှိမြို့နယ်တစ်ခု၌ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံ၍ ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)