
ရွာငံမြို့တွင် အာဏာသိမ်းစစ်တပ်ထံ အလင်းဝင်သူများမှာ ဒေသခံ PDF များမဟုတ်ပဲ ခိုးမှုဖြင့် ထောင်ချခံရခဲ့သူများသာဖြစ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့တွင်း မနေ့(စက်တင်ဘာ ၁၆)က အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ အလင်းဝင်လာသော ၄ ဦးသည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များဟု ဆိုသူများသည် အမှန်တကယ် PDF များမဟုတ်ပဲ အဆိုပါဒေသက ခိုးမှုဖြင့် ထောင်ကျနေသူများသာဖြစ်ကြောင်း FNCCBurma က သတင်းထုတ်ပြန်သည်။
အဆိုပါအဖွဲ့ Fake News Check Community သည် သတင်းအမှားများကို ဒေသခံသတင်းရင်းမြစ်များထံ ဆက်သွယ်ပြီး စိစစ်ကာ ထုတ်ပြန်သော အဖွဲ့ဖြစ်ပြီစ်ပြီး ဒေသခံ PDF များနှင့် ချိတ်ဆက်ထားသည်။
“ကျနော်တို့ပြန်သိရတာ ဖျက်သိမ်းလိုက်တဲ့ ကျနော်တို့အဖွဲ့က လူတွေမဟုတ်ဘူး။ ဒေသခံတွေရဲ့ အပြောအရ အဲ့ဒီစစ်ကောင်စီထုတ်ပြသူတွေက တော်လှန်ရေး သင်တန်းတက်ခဲ့သူမဟုတ်ပဲ ခိုးမှုနဲ့ ထောင်ကျသူတွေ။ တောင်ကြီးထောင်မှကျသူတွေ။ အဲ့ဒီလူတွေကို PDF ဆိုပြီးတော့ ပုံမှားရိုက်တာ။ ဝါဒဖြန့်ဖို့လုပ်တာ” ဟု ရွာငံ မြို့ပြ ပျောက်ကျား တပ်ဖွဲ့ (YUG)
အဝင်ဟောင်း တဦးဖြစ်သူက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။
စစ်ကောင်စီအနေဖြင့် တိုင်းနှင့်ပြည်နယ်တချို့တွင် ပြစ်မှုမကျူးလွန်သော PDF များကို ပြန်လည်လက်ခံကာ မိဘထံပြန်အပ်ကြောင်း ဝါဒဖြန့်ရာတွင် နေရာတော်တော်များများတွင် ထိုကဲ့သို့ PDF မဟုတ်ကြသူများကို အသုံးပြုနေကြောင်း သတင်းများ ကျယ်ပြန့်နေသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့၊ မန္တလေးတိုင်းတို့တွင်လည်း ထိုကဲ့သို့ ဖြစ်နေကြောင်း ပြည်တွင်း မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြသည်။
အာဏာသိမ်း စစ်တပ်နှင့် ၎င်းနှင့်သက်ဆိုင်သော ဝါဒဖြန့်သူများ အုပ်စုသည် နေ့စဥ် ၎င်းတို့ဝါဒဖြန့်နေသည့် လူမှုကွန်ယက်နှင့် သတင်းများတွင် PDF များ ပြန်လည်ဝင်ရောက်ရန် ထုတ်ပြန်နေသည်။
“ဒါကတော့ သူတို့အလုပ်ပဲ။ ကျနော်တို့အလုပ်ကတော့ စစ်တပ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးပဲ။ ကျနော်တို့ဒေသခံတွေ အိမ်ခြေ ၆ ထောင်ကျော် မီးလောင်တိုက်သွင်းတယ်။ ပြည်သူတွေကို သတ်တယ်။ အဲ့ဒီဟာတွေ ဒီစစ်တပ် တာဝန်ခံရမယ်” ဟု မကွေးတိုင်းအခြေစိုက် FPF အဖွဲ့ တာဝန်ခံတဦးက မှတ်ချက်ပြုသည်။
#Ayeyarwaddy_Times