ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေ ၁၅ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းကို ကြိုဆိုရန် ထွက်လာသည့် ဟားခါးအခြေစိုက် ခလရ-၂၆၆ ဗျူဟာမှူးနှင့် အရာရှိကြီးများကို ချင်းကာကွယ်ရေးပူး ပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗျူဟာမှူးအပါအဝင် အရာရှိများ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ဟားခါး ခလရ ၂၆၆ မှ ဗျူဟာမှူးသည် ဖလမ်းမြို့မှ အင်အား ၅၀၀ ခန့်ဖြင့် ဟားခါးမြို့ဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို ကြိုဆိုရန် ယမန်နေ့ မေ ၁၄ ရက်က ၎င်းကိုယ်တိုင် ဦးဆောင်၍ ထွက်လာခြင်းဖြစ်သည်။
ထို့သို့ ထွက်ခွာလာသည့် ဗျူဟာမှူးနှင့်အဖွဲ့စစ်ကြောင်းကို ဟားခါးမြို့နှင့် ၁၀ မိုင်ခန့်အကွာ ချွန်ကျုံး ကျေးရွာအနီး (၆) လမ်းဆုံတွင် CDF-Hakha နှင့် ချင်းပူးပေါင်းတပ်များက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွေးတုစစ်တပ်က ဖလမ်း – ဟားခါး လမ်းပိုင်းကို နှစ်ဖက်ညှပ် ထိုးစစ်ဆင်တဲ့ သဘောပါ။ ဖလမ်းကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ ချွန်ကျုံးရွာမှာ ကြိုဆိုတွေ့ဆုံဖို့ ကြိုးပမ်းကြတာ။ ကျွန်တော်တို့က ဟားခါးမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက် ခဲ့တာပါ” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရွေးတုစစ်တပ် ဗျူဟာမှူးတစ်ဦးနှင့် အရာရှိကြီး လေး ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဗျူဟာမှူးဦးဆောင်သည့် စစ်ကြောင်းမှာ ရှေ့ဆက်၍ တိုးနိုင်ခြင်း မရှိတော့ဘဲ ဟားခါးမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
“ထိခိုက်ဒဏ်ရာများတော့ စစ်ကြောင်းက ဟားခါးကို ပြန်လှည့်လာတယ်။ ရှေ့ဆက် စစ်ကြောင်း မထိုးနိုင် တော့ဘူးလေ။ ဒီမနက်မှာ ရဟတ်ယာဥ်တွေနဲ့ ကလေးဘက်ကို ဒဏ်ရာရသူတွေ ပို့ဆောင် တာတွေလည်း ရှိတယ်။ မြို့ထဲမှာလည်း စစ်သားတွေခြေရှပ်နေကြတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့် ဗျူဟာမှူးနှင့် အရာရှိကြီးများကို ယနေ့ မေ ၁၅ ရက် နံနက်ပိုင်း တွင် ရွေးတုစစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။
ပုံစာ-ချင်းကာကွယ်ရေးပူး ပေါင်းတပ်များ၏ တိုက်ခိုက်ခြင်းခံရသည့် စစ်ကားတစ်စီးကို တွေ့ရစဉ် (ပုံဟောင်း)