ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် သုံး ခုထက်မနည်းတွင် အာရက္ခတပ်တော် (AA) နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရများပြားနေပြီး ယင်းအခြေအနေကို ဖုံးဖိရန်အတွက် ဒဏ်ရာရလူနာများကို တပ်တွင်း၌သာ လျှို့ဝှက်ကုသနေရကြောင်း သိရသည်။

လက်ရှိတွင် လေးမျက်နှာ၊ ရေကြည်နှင့် အင်္ဂပူမြို့နယ်တို့၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရွေးတုစစ်တပ်ဘက်မှ အပြင်းအထန် ဒဏ်ရာရရှိသူများကို ၎င်းတို့ခြေကုပ်ယူထားသည့် တပ်ရင်းများ အတွင်း၌ပင် အရေးပေါ် ဆေးကုသပေးနေခြင်းဖြစ်သည်။

လူနာအင်အား များပြားလာသည့်အတွက် အချို့ကို မြို့နယ်ဆေးရုံများသို့ ခွဲ၍ပို့ဆောင်ကာ လျှို့ဝှက် ကုသ ပေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဒဏ်ရာရတွေကို လျှို့ဝှက်ကူပေးနေတာတွေရှိသလို သေဆုံးတဲ့သူတွေလည်း အဆင်ပြေသလို သင်္ဂြိုဟ်နေပြီး တပ်ရင်းထဲမှာ ကြိတ်ကုနေတာတွေလည်းရှိတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင်က တိုက်ပွဲဝင်လူနာများကို ပုသိမ်အခြေစိုက် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ သို့ ပို့ဆောင်လေ့ရှိသော်လည်း ယခုအခါ သတင်းပေါက်ကြားမည်ကို စိုးရိမ်သဖြင့် ငါးသိုင်းချောင်းဆေးရုံနှင့် ရေကြည်ဆေးရုံတို့တွင်သာ လျှို့ဝှက်ကုသနေကြောင်း သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) ထံမှ သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသည့် ရုပ်အလောင်းများကိုမူ ပြန်လည်ယူဆောင်ခြင်း မပြုနိုင်ဘဲ စွန့်ပစ်ထားခဲ့သဖြင့် ထိုကဲ့သို့ စွန့်ပစ်မှုကြောင့် အောက်ခြေစစ်သားများကြား အရာရှိများအပေါ် မကျေနပ်မှုများ မြင့်တက်လျက်ရှိသည်။

စစ်မြေပြင်တွင် ဒဏ်ရာရရှိမှု တူညီသော်လည်း အရာရှိပိုင်းများကိုမူ ပုသိမ်နှင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံများသို့ အထူးအစီအစဉ်ဖြင့် တိတ်တဆိတ် ပို့ဆောင်ပေးနေပြီး အောက်ခြေစစ်သားများကိုမူ လူနာတင်ကားများပေါ်တွင် အစုလိုက်အပြုံလိုက် တင်ဆောင်ကာ မြို့နယ်ခွဲဆေးရုံငယ်များတွင်သာ ပစ်ထားကြောင်း သိရသည်။

လတ်တလောတွင် ရေကြည်မြို့နယ်၊ မြောက်စမ်းအမြောက်တပ် အမတ- ၃၄၄ ကို AA နှင့် ပူးပေါင်း အဖွဲ့က အလုံးအရင်းဖြင့် ပိတ်ဆို့တိုက်ခိုက်နေသဖြင့် ကာကင်းများ သိမ်းပိုက်ခံနေရပြီး စစ်တပ်အရာရှိ မိသားစုဝင်များကို ကျုံပျော်သို့ အရေးပေါ် ပြောင်းရွှေ့နေရကြောင်းလည်း သိရသည်။

ပုံစာ-လာရှိုးတိုက်ပွဲအတွင်းမှ ဒဏ်ရာရ စစ်သုံ့ပန်းများ ပုံဖြစ်ပါသည်။(ပုံဟောင်း)