နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

 

နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများက ကျဉ်ပယ်ထားသည့် အာဏာသိမ်းရွေးတုသမ္မတ အမည်ခံ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် မကြာမီ ရုရှားနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံ-ရုရှား ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေပြီး ယင်းခရီးစဉ်အတွက် နေပြည်တော်၌ ရုရှားသံအမတ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် ယမန်နေ့ မေ ၁၄ ရက်က မြန်မာ နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး လာမည့်ဇွန်လတွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ ကျင်းပရန် ရှိသည့် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြသည်။

 

အာဏာသိမ်း စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာခြင်းမရှိ၍ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် ရွေးတုသမ္မတအား အာဆီယံအစည်းအဝေးတက်ရောက်ခွင့်ကို ဆက်လက်ပိတ်ထားခြင်း ခံခဲ့ရသည်။

အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင်ပင် ရုရှားသမ္မတ၏ တောင်းဆိုချက်အတိုင်း အာဆီယံ-ရုရှားဆက်ဆံရေး ထိပ်သီးအစည်း အဝေးကို ရုရှားနိုင်ငံတွင် ကျင်းပရန် တက်ရောက်လာသည့် ခေါင်းဆောင်များက သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သို့သော် အာဏာသိမ်းမှုကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် ပိတ်ပင်ခံရသော ရွေးတုအစိုးရသည် ၎င်းတို့အား ထောက်ခံအားပေးနေသည့် ရုရှားအစိုးရ အကူအညီဖြင့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ခန့်အပ်ရရှိ ထားကြောင်း သိရသည်။

 

ထို့ကြောင့် ရွေးတုအစိုးရသည် ရုရှားအစိုးရ၏ အကူအညီဖြင့် ရရှိထားသည့် အာဆီယံ-ရုရှား ဆွေးနွေး ဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ကို အသုံးချကာ နိုင်ငံတကာမျက်နှာစာတွင် ပြန်လည်ဝင်ဆံ့ နိုင်ရန်အတွက် ရုရှားသံအမတ် ခေါ်ယူကာ သိလိုသည်များ ခေါ်ယူတွေ့ဆုံ ချဉ်းကပ်နေခြင်းဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။

 

ရွေးတုသမ္မတဦးမင်းအောင်လှိုင်ကို ယင်းအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု စစ်လော်ဘီများက ဝါဒဖြန့်နေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားကြောင့် အတည် ပြုနိုင်ခြင်း မရှိသေးပေ။

 

ရွေးတုအစိုးရသည် ၎င်းတို့ကို ထောက်ခံနေသည့် ရုရှားနိုင်ငံထံမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူကာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများနှင့် ပစ်ခတ်သတ်ဖြတ်မှုများကို ဆက်တိုက် ကျူးလွန်နေသည့်အတွက် နိုင်ငံတကာ၏ ဝေဖန်မှုကို ပြင်းထန်စွာ ခံနေရသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

 

ယခုတွေ့ဆုံမှုသည် အထီးကျန်နေသည့် ရွေးတုအစိုးရအတွက် ရုရှားနိုင်ငံ၏အကူအညီဖြင့် နိုင်ငံတကာ စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိရန် အသည်းအသန် ကြိုးပမ်းနေသည့် ခြေလှမ်းတစ်ရပ်သာ ဖြစ်ကြောင်း အကဲခပ်များက ဆိုသည်။

 

ဓာတ်ပုံ- MOI