ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ထိုင်းနိုင်ငံ၊ ရယောင်းမြို့နယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် ဆိုလာပြားစက်ရုံတစ်ခုတွင် အလုပ်သမား ၂၀၀ ကျော်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့်ကြုံနေရပြီး လက်ရှိအချိန်အထိ စက်ရုံဘက်မှလိုက်လျောပေးခြင်း မရှိသေးကြောင်း သိရသည်။
လုပ်ခလစာအပြည့်မရခြင်းကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို MHAC မဟာမိတ်အဖွဲ့ မှ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အကူအညီပေးနေကာ အလုပ်ရှင်နှင့် ညှိနှိုင်းပြောဆိုနေသော်လည်း ယမန်နေ့ မေ ၁၄ ရက်နေ့တွင် ညှိနှိုင်း၍မရရှိသည့်အတွက် ဥပဒေအရတရားစွဲဆိုခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဥပဒေအတိုင်း အလုပ်သမားတွေဘက်ကတိုင်ကြားတာတွေလုပ်တော့မှာ။ အလုပ်သမားတွေကို စက်ရုံဘက်က အလုပ်ပါးတယ်ဆိုပြီး နှစ်လနဲ့ ဆယ်ရက်အလုပ်နားတယ်။ စာထုတ်အကြောင်းကြားတယ်။ ဒါပေမဲ့ နားတဲ့ရက်မှာ လုပ်ခလစာ မရတာမျိုးတွေ၊ အလုပ်ရှင်နဲ့ညှိနှိုင်းရာမှာ အဆင်မပြေခဲ့ဘူး” ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေး အကူညီပေးသူ အေအေစီရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစက်ရုံက အလုပ်သမားများကို ရက်ပေါင်း ၂၀ ကျော်ကြာ အလုပ်ရပ်နားထားသော်လည်း ထိုင်းအလုပ်သမားဥပဒေအရ ရရှိရမည့် လုပ်ခလစာများကိုမပေးချေခြင်း၊ အချိန်ပိုလုပ်ခလစာများကို ဖြတ်တောက်ခြင်း၊ လူမှုဖူလုံရးစာရွက်စာတမ်းများ ပတ်စ်ပို့ကဲ့သို့ အထောက်အထားများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် အဆိုပါစက်ရုံသို့ အလုပ်ဝင်ရောက်စဉ် အကျိုးဆောင်ခအဖြစ် ဘတ် ၁၀,၀၀၀ ကျော် အထိ ပေးဆောင်ခဲ့ရပြီး ၎င်းတို့၏ ပတ်စ်ပို့စာအုပ်များကိုလည်း အေဂျင်စီမှသိမ်းဆည်းထားကာ လက်ရှိအချိန်အထိ ဆက်လက်သိမ်းဆည်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ၁၄ ရက်နေ့ကလည်း ချွန်ဘူရီခရိုင်ရှိ စက်ရုံတစ်ခုမှ ကြိုတင်အသိမပေးပဲ မြန်မာအလုပ်သမား ၄၀ ကျော်ကို အလုပ်ထုတ်ခဲ့ပြီး လက်ရှိတွင် MHAC အဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အေအေစီရဲမင်း