ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

အီရန်နိုင်ငံက အမေရိကန်နဲ့ စစ်မဖြစ်လိုဘဲ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် သဘောတူညီချက် ရယူဖို့ အဆင်သင့်ရှိနေကြောင်း အီရန်သမ္မတ မာဆွပ်ပီဇက်ရှ်ကီယန်က ပြောကြားလိုက်ပါတယ်။

Fox News နဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ ပီဇက်ရှ်ကီယန်က အီရန်အနေနဲ့ စစ်ပွဲကို ရွေးချယ်ခဲ့ ခြင်း မဟုတ်ဘဲ အခြေအနေတွေကြောင့် ကြုံတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရရှိခဲ့တဲ့ နားလည်မှုတွေအပေါ် အခြေခံပြီး နှစ်နိုင်ငံ သဘော တူညီချက် ရှေ့ဆက်နိုင်ရေး လက်ရှိအချိန်အထိ လိုလားနေဆဲလို့ သူက ဆက်ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်လိုခြင်း ရှိမရှိ ဆိုသည်မှာ အမေရိကန်အစိုးရရဲ့ ရွေးချယ်မှုအပေါ်မှာသာ အဓိက မူတည်နေတယ်လို့ သူက ထောက်ပြပါတယ်။

သန့်စင်ပြီး ယူရေနီယမ် ရာခိုင်နှုန်း ၆၀ ကို စွန့်လွှတ်မလားဆိုတဲ့ မေးခွန်းကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ နိုင်ငံတကာ စည်းမျဉ်းတွေအတိုင်း တိကျစွာ လိုက်နာဆောင်ရွက် မယ်လို့ ပီဇက်ရှ်ကီယန် ဖြေကြားပါတယ်။

ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနဲ့ ဟူသီလက်နက်ကိုင်တွေကို လက်နက် ထောက်ပံ့နေမှုနဲ့ ပတ်သက်တဲ့ မေးခွန်းကို ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ဟာ မိမိတို့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ သီးခြား လှုပ်ရှားနေတာလို့ သူက ဆိုပါတယ်။

ကမ္ဘာ့ ရေနံသယ်ယူပို့ဆောင်ရေးမှာ လွန်စွာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ် ဆို့ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ၎င်းက ပယ်ချခဲ့ပါတယ်။

ပီဇက်ရှ်ကီယန်က အီရန်ဉသျှောင်သစ်နဲ့ လွန်ခဲ့တဲ့ တစ်လခန့်က နာရီပေါင်းများစွာ သီးသန့် တွေ့ ဆုံခဲ့ပြီး ခေါင်းဆောင်ရဲ့ ကျန်းမာရေးမှာ လုံးဝ ကောင်းမွန်လျက်ရှိတယ်လို့ အတည်ပြုပါတယ်။

အီရန်အစိုးရက စစ်ရေးတင်းမာမှုတွေကို လျှော့ချလိုပြီး သံတမန်ရေးအရ ဖြေရှင်းရေးလမ်း ကြောင်းကို ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပီဇက်ရှ်ကီယန်ရဲ့ စကားတွေက ဖော်ပြနေပါတယ်။

ပီဇက်ရှ်ကီယန်ရဲ့ အမေရိကန်မီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုချက်တွေဟာ ဒေါ်နယ်ထရမ့် အစိုးရနှင့် တင်းမာမှုတွေ လျှော့ချနိုင်ရေး သံတမန်ရေး လမ်းစတစ်ခုကို ပြသလိုက်တာ ဖြစ်ပါတယ်။

News: Anadolu News
Ref; Iran seeks deal with US, not war: President Pezeshkian