​ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

 

ရှမ်းမြောက်ဒေသ နေရာအများအပြားကို ထိန်းချုပ်ထားသည့် ကိုးကန့်အဖွဲ့ (MNDAA) အား နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ရွေးတုအစိုးရစစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က နေပြည်တော် တွေ့ဆုံပွဲတွင် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ၂၀၀၉ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုမိုပီပြင်လာစေရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် ကိုးကန့်ကိုယ်စားလှယ်အဖွဲ့က လက်ရှိရရှိထားသည့် ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပိတ်သိမ်းထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ဖြတ်သန်း တရုတ်စီမံကိန်းများ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အဓိကထား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ရွေးတုအစိုးရစစ်တပ်၏ သတင်းစာများတွင်လည်း MNDAA ကို မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP / MNDAA) ဟူ၍ ပါတီအမည်ပါ ထည့်သွင်းကာ အထူးပြုသုံးစွဲထားသည်ကို တွေ့ရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ NSPNC ဘက်မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး၊ ကိုးကန့်ဘက်မှ MNTJP ပေါလစ်ဗျူရို အထွေထွေ အတွင်းရေး မှူး (၂) ဦးဖုန်ဝင်းနိုင်၊ MNTJP ပေါလစ်ဗျူရိုနှင့် နိုင်ငံရေးဌာနမှူး ဦးကျင်းရှင်း၊ MNDAA စစ်ဦးစီးဌာန ဒုတိယစစ်ဦးစီးမှူး ဦးလီရှိကြဲ အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရ။