ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ကြားဈေးခုန်တက်သွားကြောင်းသိရသည်။
ယနေ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ဓာတ်ဆီ ၉၂ တစ်လီတာလျင် ၄၄၅၀ ကျပ်၊ ၉၅ တစ်လီတာလျင် ၄၆၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျင် ၅၇၉၅ ကျပ် နှင့် ဒီဇယ် တစ်လီတာ ၄၇၉၀ ကျပ်သတ်မှတ်ပြီး အဆိုပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၄ ရက် က စက်သုံးဆီဈေးသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၃၈၂၅ ကျပ်၊ ၉၅ တစ်လီတာ ၃၉၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၅၀၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄၁၅၀ ကျပ်ဖြစ်သည်။
ယခုကဲ့သို့ စက်သုံးဆီဈေးမတက်ခင် ယမန်နေ့က စက်သုံးဆီအရောင်းဆိုင်များအချို့၌ စက်သုံးဆီကုန်သွားသဖြင့်အရောင်းမရှိကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။
“သောကြောနေ့ဆိုဈေးအပြောင်းအလဲအမြဲဖြစ်တော့ မနေ့က ( ကြာသာပတေးနေ့) မှ ဆီဆိုင်တွေဆီမပေးဘူး။ဈေးတက်မယ်ဆိုတာသူတို့သိတော့ အဲဒီလိုအကျင့်လေးတွေလုပ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရွေးတုအစိုးရသည် စက်သုံးဆီဝယ်ယူရေးတွင် နိုင်ငံခြားငွေကိုများစွာသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသက်သာရေးအတွက် ပြည်တွင်းရှိရေနံချက်စက်ရုံများကနေ စက်သုံးဆီထုတ်ယူမည်ဖြစ်ကြောင်းပြောကြားထားသည်။
လက်ရှိစက်သုံးဆီမူဝါဒသည် မော်တော်ယာဉ်နံပါတ်ကို စုံ/မ ခွဲခြားပြီး QR ဖြင့် ကန့်သတ်လီတာအတိုင်း ဝယ်ယူနေရခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းအရေးနှင့်အတူ ရွေးတုအစိုးရသည် စက်သုံးဆီချွေတာရေးအကြောင်းပြကာ စက်သုံးဆီတင်သွင်းမှုလျော့ချထားသဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံသက်သာနေပြီဖြစ်ကြေင်း ရွေးတုသမ္မတ မင်းအောင်လှိုင်ပြောကြားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်