ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၏ နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသများ တွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပြီး ဝါဘိုကျွန်းအနီးရှိ ရွေးတုအစိုးရစစ်တပ်၏ စခန်းတစ်ခုကို AA က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့မှစ၍ အပြင်းအထန် စတင်ခဲ့သော အဆိုပါ တိုက်ပွဲများသည် ရက်ပေါင်း ကြာမြင့်လာပြီဖြစ်ကာ စက်တင်ဘာ ၂၃ ရက် နံနက် ၇ နာရီခန့်တွင် တပ်အင်အား ၁၀၀ နီးပါး အထိုင်ချ တပ်စွဲထားသည့် ဝါဘိုကျွန်းဘက်ရှိ ရွေးတုအစိုးရစစ်တပ်၏ စခန်းကို AA က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း တောကန်ကျေးရွာအနီးရှိ ရွေးတုအစိုးရစစ်တပ်၏ ကာကင်းစခန်းတစ်ခုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ရက်ပိုင်းများကလည်း အမြင့်ကျွန်းနှင့် ရဲရိုးပြင်တို့ရှိ စခန်းများကို သိမ်းယူပြီးဖြစ်သည်။

“စစ်တွေအနီးတိုက်ပွဲတွေက ဆက်ရှိနေတုန်းပဲ။ ဒကစကို ခြိမ်းခြောက်မယ့် အနေအထား ရောက်လာ တော့မယ်။ ရှင်းရှင်းပြောရရင် မနိုင်ဘဲ ထလုပ်တဲ့ ထိုးစစ်က စစ်တပ်ကို အထိနာနေစေတယ်။ စစ်တွေမြို့နယ်အတွင်းထိ AA က စခန်းတွေ သိမ်းလာပြီ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စခန်းသိမ်းပိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်အချို့ ထွက်ပြေး လွတ် မြောက်သွားခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို AA ဘက်က သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ မြေပြင်တွင် အထိနာလျက်ရှိသဖြင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စခန်းအနီးဝန်းကျင်ဒေသများကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ် လျက်ရှိသည်။
စက်တင်ဘာလ ၄ ရက်မှစတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်၏ အဓိကကာကင်းစခန်းများနှင့် ခြေကုတ်စခန်း ကိုး ခုထက်မနည်းကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ရက္ခိုင်-မကွေးအစပ်တွင် စက်တင်ဘာလ ၂၀/၂၁ ရက်များတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ(ပုံဟောင်း)