ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းဒေသတွင် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများနှင့် ယာဉ်တန်းများ အင်အားဖြည့်တင်းကာ သဲဖြူဘက်သို့ ဦးတည်၍ လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။

ပုသိမ်ဘက်မှ လာသော စစ်တပ်၏ ဖောကား ခေါင်းတိုယာဉ် တစ် စီးသည် ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်က ကြက်သွန်ကွင်းလမ်းဆုံသို့ အင်အား ၁၀ ဦးခန့်ဖြင့် ရောက်ရှိလာပြီး သဲဖြူဘက်သို့ တက်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းထွက်သွားတဲ့ စစ်သုံးကားတွေမှာ စစ်ကူအင်အားတွေပဲပါတယ်။ နောက်ထပ်တက်တဲ့ ဆယ်ဘီးကားတွေတော့ ခဲယမ်းတွေပါသွားတယ်။ ဖောကားတွေလည်း အမိုးအုပ်သွားလို့ အင်အား မခန့်မှန်းနိုင်ဘူး။ ကသုတ်ကယက်ထွက်သွားကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့နောက် ခမရ-၃၀၈ မှ လိုက်ထရက် မော်တော်ယာဉ်ဖြင့် အင်အား ၁၅ ဦးခန့် ထပ်မံရောက်ရှိလာပြီး စစ်တပ်အင်အားများ ပူးပေါင်းကာ သဲဖြူဘက်သို့ ထွက်ခွာသွားခဲ့သည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကြက်သွန်ကွင်းလမ်းဆုံမှတစ်ဆင့် သဲဖြူဘက်သို့ စစ်တပ် ဖောကား ခေါင်းတိုယာဉ် လေး စီး၊ ဆယ်ဘီးယာဉ် နှစ် စီးနှင့် ဒဘယ်ကက် (Double Cab) ယာဉ်များဖြင့် အင်အားအပြည့်ပါဝင်သည့် ယာဉ်တန်းများ ထပ်မံတက်သွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ တိုက်ပွဲများဆီသို့ ရန်ကုန်မှ တပ်ရင်းများနှင့် ခဲယမ်းများကို ပုသိမ်တွင် စုဆောင်းကာ အင်အားခွဲဝေ ပို့ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဂွဘက်ကို ထိုးမည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများမှာ ယခုရက်အတွင်း လှုပ်ရှားမှု ကြားရခြင်း မရှိသော်လည်း သာပေါင်း စက်ဒေါင့်ကြီးကိုမူ ဒဏ်ရာရလူနာများ ပြန်ဆင်းလာနေပြီး ပုသိမ်ဘက်သို့ အရေးပေါ် ပို့ဆောင်နေရကြောင်း သိရသည်။

ပုံစာ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)