ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အထူးတိုင်းစစ်ဌာနချုပ်သို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရွေးတုအစိုးရစစ်တပ် (လေတပ်)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန် ရေးဘက်တော်သား ခြောက် ဦး ကျဆုံးပြီး ခြောက် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် အထူးတိုင်းစစ်ဌာနချုပ်ကို ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်က စတင် လေကြောင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် လေကြောင်းကင်းထောက်ပညာများ ကို သင်ကြားပေးနေသည့် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် ခြောက် ဦး ကျဆုံးခဲ့ကာ ညနေပိုင်းတွင်လည်းလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဆရာနေဝင်းအောင်က အကြိုလာမယ့်ကားစောင့်ရင်း ရှောင်ချိန်မရလိုက်တာလို့ သိရပါတယ်။ လေကြောင်းကင်းထောက်အဖွဲ့သားတွေအတွက် အကြီးမားဆုံးပေးဆပ်မှုပါ။ ဆရာမို့ ပိုပြီး စိတ်မ ကောင်း ဖြစ်ရပါတယ်ဗျာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆရာကြီး နေဝင်းအောင်သည် စစ်အာဏာသိမ်းကာလတွင် လေတပ်မှ CDM ပြုလုပ်ခဲ့သူ တစ်ဦးဖြစ်ပြီး တော်လှန်ရေးဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ် နိုင်ရန်အတွက်လေကြောင်းကင်းထောက်ပညာကို သင်ကြားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးမှူး အောင်စံရှားနှင့် ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထူးတိုင်း စစ်ဌာနတွင် သင်တန်းလာတက်ရောက်နေသည့် ရဲဘော်များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) မှ ရဲဘော်အချို့လည်း ကျဆုံးသူများတွင် ပါဝင်ကြောင်း သိရသည်။
“ဆရာကြီး နေဝင်းအောင်တို့ ဖြစ်တဲ့ကိစ္စက စကားပြောစက်က လုံခြုံရေးပေါက်တာ ဖြစ်ပါတယ်။ သေချာလို့ ကျွန်တော် ဗီဒီယိုနဲ့ တင်တာဖြစ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန CDM ဦးစီးအရာရှိ ဦးကျော်သက်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။
အထူးတိုင်းစစ်ဌာနသည် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လှုပ်ရှားသည့် NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်တိုင်းတစ်ခု ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက် ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပုံစာ-လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် ၊ အထူးတိုင်းစစ်ဌာနချုပ်ရှိ တပ်ဖွဲ့ဝင်များ၊