ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

 

စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူ မဟုတ်ပါက အနုပညာရှင်၊ အတတ်ပညာရှင်နှင့် နာမည်ကျော် ကြားသူများ၏ သားသမီးများကိုပါ စစ်မှုထမ်းရန် ခေါ်ဆိုသွားမည်ဟု ယမန်နေ့က ပြုလုပ်သည့် ရွေးတုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ပြောသည်။

 

ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က အနုပညာရှင်များနှင့် နာမည်ကျော်ကြားသူများ၏ သားသမီးများအား စစ်မှုထမ်း ခေါ်ဆိုရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအပေါ် ဗိုလ်ချုပ် အောင်မျိုးသန့်က “ကျနော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူမဟုတ်ရင် မည်သူကို မဆို ဥပဒေအရ စစ်မှုထမ်းခေါ်ဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

သို့ရာတွင် လက်ရှိမြေပြင်အခြေမှာ ဗိုလ်ချုပ် အောင်မျိုးသန့်ပြောသလိုမဟုတ်ပဲ လူငယ်များကို အဓမ္မဖမ်းဆီးပြီး အစားထိုးရောင်းချနေသည့် ဈေးကွက်ကြီးပေါ်ပေါက်နေကြောင်း မြေပြင်သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လစဉ် လူအင် အား စုဆောင်းပေးရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ငွေကြေး မတတ်နိုင်သည့် အခြေခံလူတန်းစား လူငယ်များမှာ သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရမှု အများဆုံး ဖြစ်နေပြီး၊အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းအတွက် ရောင်းစားသည့်အခြေအနေနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

 

အခြားတစ်ဖက်တွင်လည်း စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး၏ ပြောကြားချက်နှင့် လူငယ်များ ပြည်ပထွက်ခွာမှုအပေါ် “ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ဘူးလား” ဟု မင်းသား နေအောင်၏ မေးခွန်းထုတ် ပြောဆိုမှုများရှိခဲ့သည့်အပေါ် လူထုအတွင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

 

ရန်ကုန်တွင် လူငယ်ဘောလုံးသမားများဖမ်းဆီးခံရပြီး အဓမ္မစစ်သားစုဆောင်းခံရခြင်းနှင့်အတူ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအတွက် ရောင်းစားရန် အဓမ္မဖမ်းဆီးချုပ်နှောင်ထားမှုများရှိနေပြီး အသက်သေဆုံးသည့်အထိ ဖြစ်ပွားနေကြောင်း မှုခင်းသတင်းများအရ သိရသည်။

 

နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် စစ်သားအင်အား ဖြည့်ဆည်းရန်အတွက် အာဏာသိမ်းစစ်အစိုးရက စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သင်တန်းအပတ်စဉ် (၂၈) အထိ ရောက်ရှိနေပြီဖြစ်သည်။