ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ရှိ ကျေးရွာများတွင် ဒေသခံများ နေရပ်ပြန်လည်ဝင်ရောက်လာခြင်း မရှိသည့်အတွက် ရွေးတုအစိုးရစစ်တပ်က ဖိအားအမျိုးမျိုးပေးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ခမ်းပတ်မြို့ တမူး-ခမ်းပတ် လမ်းမပေါ်ရှိ ကျေးရွာများမှ ဒေသခံများကို ပြီးခဲ့သည့် သြဂုတ်လမှစ၍ နေရပ်ပြန်လည် ဝင်ရောက်လာခြင်း မရှိပါက နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ရွေးတုအစိုးရစစ်တပ်က တပ်လှန့်ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့လကတည်းက စစ်ဘေးရှောင်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးတာပါ။ ဒီရက်ပိုင်းထဲမှာ ပြန်မလာတဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ထပ်မံခြိမ်းခြောက်လာတာပါ” ဟု ခမ်းပတ်မြို့ရှိ ကမ္မရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရွေးတုအစိုးရစစ်တပ်၏ ခြိမ်းခြောက်မှုများကြောင့် ဒေသခံတချို့ ပြန်လာကြသော်လည်း တိုက်ပွဲများအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံများမှာ ပြန်လာရန်အိမ်မရှိတော့သည့်အတွက် အခက်အခဲကြုံနေရသည်။
ထို့အပြင် လူငယ်များနှင့် မိဘများသည် နေရပ်ပြန်ချင်သော်လည်း ရွေးတုအစိုးရစစ်တပ်ဘက်က အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ရှိလာမည်ကို အထူးစိုးရိမ်နေကြသည်။
“စစ်တပ်ဘက်က ပြန်ထိန်းချုပ်တော့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေ ရှိလာမှာကို လူငယ်တွေနဲ့ လူငယ်ရှိတဲ့ မိသားစုတွေက ပြန်လာဖို့ စိုးရိမ်မှုတွေ ရှိနေကြသေးတယ်” ဟု ခမ်းပတ်ဒေသခံတစ်ဦးက ဆက်လက်ပြောပြသည်။
ရွေးတုအစိုးရစစ်တပ်သည် ခမ်းပတ်မြို့နှင့် တမူး-ကလေး လမ်းမကို ပြန်လည်ထိန်းချုပ်ပြီးနောက် အဆိုပါ ကားလမ်းမတစ်လျှောက်တွင် ဂိတ်အများအပြား ချထားကာ စခန်းများကိုလည်း အခိုင်အမာ ဆောက်လုပ်ထားကြောင်း သိရသည်