ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရွေးတုအစိုးရစစ်တပ်က ၁၀ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် မြို့ပေါ်နေပြည်သူ အများစုမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၊ တပ်မ (၁၀၁) နှင့် ညောင်ဦးအထိုင်တပ်များသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်မှစတင်၍ မြစ်ခြေမြို့ပေါ်ရှိ အိုင်ရှည်ရပ်ကွက်နှင့် အနီးဝန်းကျင်နယ်မြေများကို တိုက် လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများနှင့် အသေခံဒရုန်းများ အသုံးပြုကာ ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
“နေ့တိုင်းလိုလိုကို ကြဲနေတာ။ တစ်ရက်မှကို မနားဘူး။ မြို့ပေါ်ကော အနီးနားကပါ အကုန်လုံး ရှောင်နေကြရတာ” ဟု မြစ်ခြေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြစ်ခြေမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ထိခိုက်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် ညနေပိုင်းများတွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ လာရောက်သည့် တိုက်လေယာဉ်များက ပေါင် ၅၀၀ နှင့် ပေါင် ၁၀၀ ဗုံးများ ကြဲချခဲ့သဖြင့် အိုင်ရှည်ရပ်ကွက်ရှိ စိုက်ခင်းအနီးမှ လူနေအိမ် နှစ် လုံး မီးလောင်ပြာကျခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကလည်း အိုင်ရှည်ရပ်ကွက်ကိုပင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ် ဦးမှာ ခြေထောက်ဖြတ်တောက်ရသည့်အထိ ဒဏ်ရာပြင်းထန်ခဲ့သည်။
အလားတူ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မြစ်ခြေမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ရေနံချပ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ပြည်သူ သုံး ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ စစ်တပ်၏ မြေပြင်စစ်ကြောင်းကလည်း ရေနံချပ်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ရှိ နေအိမ်များနှင့် ရေနံလုပ်ငန်းခွင်နေရာများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ပုဂံမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ ပခုက္ကူမြို့မှ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည့် မြစ်ခြေမြို့တွင် စစ်တပ် ၏ အမှတ် (၁) တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ် (ဒေသခေါ် BPI တပ်) နှင့် တိုက်နယ်ရဲစခန်းတို့ တပ်စွဲထားသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက BPI တပ်ကို စီးနင်းတိုက်ခိုက်ခဲ့စဉ် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူပေးခဲ့သဖြင့် တော်လှန်ရေးရဲဘော်အချို့နှင့် ဒေသခံ လေး ဦး သေဆုံးခဲ့ရဖူးသည်။
ထို့အပြင် ပြီးခဲ့သည့် မေ ၁၀ ရက်မှ ဇွန် ၂ ရက်အထိလည်း စစ်တပ်သည် မြစ်ခြေမြို့ရှိ ဘုန်းကြီးကျောင်းများတွင် အထိုင်ချကာ မြို့ခံ ၄၀ ခန့်ကို သတ်ဖြတ်ခဲ့သည့်အပြင် မြစ်ခြေဈေးကြီးနှင့် နေအိမ် ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။