ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအချို့ သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့နယ်၊ ရွှေမင်းဂံ ရေတပ်စခန်းအနီးရှိ ရဲရိုးပြင်၊ တောကန်နှင့် အမြင့်ကျွန်း ကျေးရွာဝန်းကျင်တို့တွင်စက်တင်ဘာ ၂၂ ရက်နေ့က တစ်နေ့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
”စစ်တပ် စစ်ကြောင်းတွေဖြတ်တောက် တိုက်ခိုက်ခံနေရတော့ အရှေ့တိုးမလာနိုင်ဘဲ တန့်တဲ့ စစ်ကြောင်းတွေရှိသလို အဓိက ဒရုန်းနဲ့ ပစ်ကူယူနေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ စစ်တပ်ဘက်က သေဆုံးတာလည်းများတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ရုပ်အလောင်း ၁၀ လောင်းနီးပါးကို AAက သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည့် စစ်တပ်ဘက်မှ သေဆုံးသူများလည်း အများအပြား ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ရဲရိုးပြင်ကျေးရွာ အနီးအပါးတွင်လည်း ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ရှိခဲ့သည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ အစောပိုင်း နံနက် ၁ နာရီခန့်တွင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာသို့ ဂျက်ဖိုက်တာ (၂) စီးနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖက်ကျကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် (၅၇) နှစ်အရွယ် ဦးမောင်မြကြည်နှင့် အသက် (၇၆) နှစ်အရွယ် ဒေသခံ ဦးအောင်သန်းမောင်တို့ နှစ်ဦးမှာ ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။