ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
အီရန်သမ္မတ မာဆွပ်ပီဇက်ကီယန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ စိတ်ဓာတ်ကို စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါ တယ်။
အမေရိကန်နဲ့စစ်ပွဲမှာ အီရန်က ဘယ်တော့မှ လက်နက်ချ အညံ့ခံမှာ မဟုတ်ပေမယ့် ပဋိပက္ခကို အဆုံးသတ်ဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေကို အပြည့်အဝ ကြိုဆိုတယ်လို့ ၎င်းက ဆိုပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခြင်း က အီရန်ရဲ့စိတ်ဓာတ်ကို ပိုမို ခိုင်မာလာစေမယ်လို့ ပီဇက်ကီယန်က ပြောကြားခဲ့ပြီး သဘောတူညီချက် မ ရရင် အီရန်ကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ သတိပေးချက်ကို ငြင်းပယ်ပါတယ်။
“အမေရိကန်သမ္မတ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ဗိုလ်ကျစိုးမိုးလိုတဲ့ စိတ်ဓာတ်ကို ပြသနေ တာ ဖြစ်ပြီး အီရန်ပြည်သူတွေဟာ ဖိအားပေးမှုတွေကို ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး” လို့ ၎င်းက ဆိုပါတယ်။
အီရန်ကို အကြမ်းဖက်မှု အားပေးတဲ့နိုင်ငံအဖြစ် စွပ်စွဲချက်အပေါ် အကြမ်းဖက်သမားတွေကို လေ့ ကျင့်ပေးနေသူတွေက အီရန်ကို ပြန်စွပ်စွဲနေတာလို့ ၎င်းက တုံ့ပြန်ပါတယ်။
အမေရိကန်နဲ့ တင်းမာမှုတွေကို ညှိနှိုင်းဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ သူ က ဆိုပေမယ့် အင်အားသုံး ခြိမ်းခြောက်တဲ့ စကားလုံးတွေကို လက်မခံဘူးလို့ သတိပေးပါတယ်။
ပီဇက်ကီယန် မိန့်ခွန်းစတင်ပြောချိန်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာသွားပါတယ်။
ပီဇက်ကီယန်က မိန့်ခွန်းမစမီ အမေရိကန်နဲ့စစ်ပွဲအတွင်း အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ဓာတ်ပုံ တွေကို ပြသခဲ့ပြီး စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသူ/ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၁၇၅ ဦးကျော် သေဆုံးခဲ့ရမှုကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အီရန်အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်ရန် ရည်ရွယ်ချက် မရှိပေမယ့် ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရှိ တဲ့ နျူကလီးယား နည်းပညာကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ၎င်းက အခိုင်အမာ ပြောပါတယ်။
ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ဟော်မုဇ်ရေလက်ကြား တင်းမာမှုတွေနဲ့ ပတ်သက်လို့ ပညာရှင်တွေ၊ ကြားခံနိုင်ငံတွေကတစ်ဆင့် အမေရိကန်ထံ စည်းကမ်းချက် တွေ ပေးပို့ထားတယ်လို့ သူက ဆိုပါတယ်။
အခြားနိုင်ငံတွေက ဟော်မုဇ်ရေလက်ကြားကို အသုံးပြုခွင့်ရပြီး အီရန်ရဲ့ သင်္ဘောသွားလာခွင့်ကို ပိတ်ပင်ထားလို့ မရနိုင်ကြောင်း၊ ရန်လိုသော ရေတပ်များ အမြဲတမ်း တပ်စွဲထားခြင်းက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ကြောင်း ပီဇက်ကီယန်က ထောက်ပြပါတယ်။
News: Reuters
Ref; Iran’s Pezeshkian accuses Trump of ‘bullying mentality,’ vows no surrender