‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၄ ရက်

‎ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ကူပို့ ရိက္ခာထောက်ပို့မှုများ အဘက်ဘက်မှ ရှုံးနိမ့်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လေယာဉ်ကင်းထောက်ပျံသန်းမှု နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎ယနေ့ စက်တင်ဘာ ၂၄ရက် နေ့လယ် ၁၂နာရီကျော်ခန့်တွင် လိုင်ဇာနှင့် တရုတ်နယ်စပ်အနီး ကင်းထောက်ပျံသန်းနေသည့် စစ်တပ်၏ လေယာဉ်ကို တရုတ်နိုင်ငံဘက်မှ ပစ်ခတ်ခြောက်လှန့်မှု ပြုလုပ်ခဲ့သည် ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎”နေ့လယ်ဘက် ပစ်ခတ်သံကြားတော့ စစ်တပ်လေယာဉ်က ကြဲပြီထင်တာ။ တရုတ်ဘက်က ပျံနေတဲ့လေယာဉ်ကို မောင်းထုတ်ဖို့ ခြောက်ပြီး ပစ်တာပြောတယ်။ တရုတ်က သူ့နယ်စပ်ဘက်ကျမှာစိုးလို့ မောင်းထုတ်တာ။ အချင်းချင်းလည်း လေကြောင်း သတိပေးနေကြရတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်တပ်က ယမန်နေ့ စက်တင်ဘာ ၂၃ရက် နေ့လယ်ပိုင်းတွင်လည်း Y12၊ Y8 လေယာဉ်များသုံး၍ လိုင်ဇာမြို့ပေါ် ကင်းထောက်ပျံသန်းမှု ပြုလုပ်ခဲ့ပြီး ယနေ့ထပ်မံ၍ လေကြောင်းမှ ခြောက်လှန့် ပျံသန်းခဲ့ခြင်းဖြစ်သည်။

‎လေကြောင်းအန္တရာယ်ကြောင့် လိုင်ဇာတွင် အခြေခံပညာကျောင်းများ ခေတ္တပိတ်ပေးထားပြီး ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုရန် နှိုးဆော်ထားသည်။ ယနေ့ နေ့လယ်က တရုတ်ဘက်မှ စစ်တပ်လေယာဉ်အား ခြောက်လှန့် မောင်းထုတ်ပစ်ခတ်မှုပြီးနောက် လေယာဉ်ပျံသန်းမှု မရှိသေးကြောင်း သိရသည်။


‎ဗန်းမော်ကို စစ်ကူပို့သည့် စစ်ရေယာဉ်အုပ်စု စောင့်ကြိုတိုက်ခိုက်ခံရပြီး ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ခဲ့ရသည့်အပြင် စစ်ရေယာဉ်အုပ်စုကို စောင့်ရှောက်ရန်လွှတ်လိုက်သည့် တပ်များလည်း တပ်ပျက်ထွက်ပြေးရသည့်အတွက် စစ်တပ်က ‌အရပ်သားများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ကြောင်း KIA က ပြည်သူများကို သတိပေးနှိုးဆော်ထားသည်။