ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရခြင်း၊ ခွဲခြားဆက်ဆံမှုများနှင့် ထောင်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး အပါအဝင် အကျဉ်းသား ၈၀ ဦးမှာ ပြင်ပဆေးရုံသို့ အရေးပေါ်တက်ရောက်ကာ ဆေးကုသရန် လိုအပ်နေကြောင်း သိရသည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များက ပြီးခဲ့သည့်ဇူလိုင်လတွင် ထောင်းတွင်းရောက်စစ်ဆေးစဉ် အရေးပေါ်အနေဖြင့် ပြင်ပဆေးရုံပြသရန် လိုအပ်သူအကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ကိုးဦးသာတက်ရောက်ခွင့်ရထားပြီး နိုင်ငံရေးအကျဉ်းသား လေး ဦးသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံက သိရသည်။
အကျဉ်းသားများမှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အခြေအနေများကြောင့် ပြင်ပဆေးရုံများတွင် တက်ရောက်ဆေးကုသခွင့်ရရှိရန် ထောင်ပိုင်၊ ဒုထောင်ပိုင်၊ ထောင်ဆေးရုံအုပ် နှင့် အဆောင်မှူးများအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရကြောင်းလည်း သိရသည်။

“ပိုက်ဆံတက်နိုင်တဲ့သူတွေဆို ညွှန်မှူးတို့ ထောင်ပိုင်တို့နဲ့ပေါင်းပြီး တကယ်ရောဂါမရှိပဲနဲ့ ကုသဖို့မလိုအပ်ပဲနဲ့ ပြင်ပဆေးရုံကိုပို့ပေးတယ်။ တချို့ဆိုထောင်ဆေးရုံမှာလတိုင်းပိုက်ဆံပေးပြီး နေနေတာရှိတယ်” ဟု PPNM တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားများမှာ ဆေးကုသခွင့်ရရှိရန်၁ နှစ်မှ ၂ နှစ်အထိ စောင့်ဆိုင်းကြရသော်လည်း ငွေကြေးတတ်နိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့်ထောင်ကျလာသူများနှင့် ရာဇဝတ်အကျဉ်းသားအချို့မှာ ရောဂါမရှိဘဲ ပြင်ပဆေးရုံများတွင် သွားရောက်နေထိုင်ခွင့် ရရှိနေကြကြောင်းလည်း သိရသည်။
ကလေးအကျဉ်းထောင်အတွင်း အကျဉ်းသား ၁၀၀၀ အတွက် တစ်လလျှင်ဆေးဖိုး ၁၀ သိန်းကျပ်(တစ်ဦးလျှင် ၁၀၀၀ နှုန်း)သာ ဘတ်ဂျက်ခွဲဝေပေးထားသည့်အတွက် ပါရာစီတမောနှင့် စီဗစ်ကဲ့သို့ အခြေခံဆေးဝါးများသာရှိပြီး အရေးပေါ် အောက်ဆီဂျင်နှင့် ဆေးကုသရေး အထောက်အကူပြုပစ္စည်းများ မရှိကြောင်းသိရသည်။
နှလုံးရောဂါဖောက်နေသည့် အကျဉ်းသားတစ်ဦးကို ၁၂ မိုင်ကျော် ဝေးသည့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာတွင် အသက်ရှူကိရိယာ ပါဝင်ခြင်းမရှိသည့်အတွက်လမ်းတွင်ပင် အောက်ဆီဂျင်ပြတ်တောက် သေဆုံးရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို လျစ်လျူရှု၍ ဆေးကုသခွင့်များ ငြင်းပယ်ကာ လာဘ်ယူနေခြင်းကဲ့သို့ အာဏာလွဲသုံးစားပြုနေသည့် စစ်တပ်၊ အကျဉ်းဦးစီးဌာနနှင့် ထောင်အာဏာပိုင်များကို ၎င်းတို့ကျူးလွန်မှုများအတွက် တာဝန်ခံရစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း PPNM က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်။