ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီး Sihhmui Camp-II တွင် ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၄၅ စုကို ဒေသန္တရအာဏာပိုင်များက တစ်ပတ်အတွင်း ရုတ်တရက် ဖယ်ရှားခိုင်းကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

 

အဆိုပါ အိမ်ထောင်စု ၄၅ စုသည် အိုင်ဇောလ် အနောက်ဘက် အဝေးပြေးလမ်းမကြီး တိုးချဲ့ ဖောက်လုပ်ရေး စီမံကိန်း၏ လမ်းနယ်နိမိတ် ဧရိယာအတွင်း ကျရောက်နေကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ယခုကဲ့သို့ ဖယ်ရှားခိုင်းခြင်းဖြစ်သည်။

“အဲဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ လောက်ရှိတယ်။ အဲဒီထဲက ၄၅ အိမ်လောက်က လမ်းဧရိယာနဲ့ မလွတ်ဘူးဆိုပြီး ခရိုင်တရားသူကြီးရဲ့ အမိန့်နဲ့ ဖယ်ရှားခိုင်းတာဖြစ်ပါတယ်။ နေအိမ် တွေအပြင် ခန်းမ၊ ဘုရားကျောင်းတွေလည်း ပါတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ အမိန့်အရ စစ်ဘေးရှောင်များအနေဖြင့် ခုနစ်ရက်အတွင်း နေအိမ်များနှင့် ပစ္စည်းများကို အပြီးအပိုင်ဖယ်ရှားကာ အဆိုပါဧရိယာမှ ထွက်ခွာပေးရန် သတ်မှတ်ထားသည်။ သတ်မှတ်ရက် ကျော်လွန်ပါက ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဖယ်ရှားမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို နေထိုင်သူများ ဘက်ကသာ တာဝန်ယူရမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ရူပီး ၁၀,၀၀၀ အထိ ဒဏ်ငွေချမှတ်မည့်အပြင် သတ်မှတ်ရက် ကျော်လွန်သည့် တစ်ရက်လျှင် ရူပီး ၅,၀၀၀ အထိ ထပ်မံဒဏ်ငွေ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက သတိပေး ထားသည်။

 

“၇ ရက်အတွင်း ပြောင်းရွှေ့ဖို့က မလွယ်ဘူး။ ကျတော်တို့က ဖြိုရအုံးမယ်၊ ပြန်ဆောက်ရအုံးမယ် ဆိုတော့ အနည်းဆုံး တစ်လလောက်လိုတယ်။ အဲဒါကြောင့် တစ်လလောက်အချိန်ပေးဖို့ တောင်းဆိုတာရှိတယ်။ လောလောဆယ် ပြောင်းရွှေ့ကြတဲ့သူတွေလည်း ရှိပြီ” ဟု အခြားစစ်ဘေးရှောင် တစ်ဦးက ဆက်လက်ပြောပြသည်။

 

လက်ရှိ ပြောင်းရွှေ့ရမည့် စစ်ဘေးရှောင်များသည် နေရာသစ်တွင် နေအိမ်ပြန်လည်ဆောက်လုပ်ရန် ဝါး၊ သွပ်နှင့် အခြားဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူရန် ငွေကြေးအခက်အခဲများရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

 

အဆိုပါ စစ်ဘေးရှောင်များသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများ ဖြစ်ကြသည်။